Policy

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာလုပ်ငန်းများကို မူဝါဒ (၁၁) ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

(၁)

ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊

(၂)

သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သစ်တောစိုက်ခင်းများ တည် ထောင်ခြင်းဖြင့် ရာသီဥတုမျှတစေပြီး စိုက်ပျိုးရေးကို အထောက်အကူပြုစေရေး၊

(၃)

ကျေးလက်နေပြည်သူတို့၏ အခြေခံသစ်တောထွက်ပစ္စည်း လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊

(၄)

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောများအုပ်ချုပ်လုပ်ကိုင်မှု တို့တွင် ပြည်သူအများ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေး၊

(၅)

သစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင် ရေးနှင့်ပြည်သူ လူထုမှနေအိမ်များ ဆောက်လုပ်ရာတွင် လိုအပ်လျက်ရှိသော သစ်များကို ဖြည့်ဆည်းရောင်းချပေးနိုင်ရေး၊

(၆)

သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲရာတွင် အလေအလွင့်နည်းပါးပြီး သစ်အခြေခံစက်မှု လုပ်ငန်းများ တိုးတက်ဖြစ်ထွန်း ပေါ်ပေါက်လာစေရေး၊

(၇) သစ်တောနှင့် ပတ်ဝန်းကျင်ကဏ္ဍ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး၊
(၈) ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊
(၉) ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ်ခြင်းအားဖြင့် ပတ်၀န်းကျင်နှင့် သဟဇာတဖြစ်မှုနှင့် ဟန်ချက်ညီညွတ်မျှတမှုကို ရရှိစေရေး၊
(၁၀) နိုင်ငံတော်မှ လိုအပ်သော မြေမျက်နှာပြင်ပြ မြေပုံများကို စကေးအမျိုးမျိုးဖြင့် တိကျမှန်ကန်စွာ တိုင်းတာရေးဆွဲထုတ်လုပ်ရေး၊
(၁၁) နိုင်ငံတော်၏ ပိုင်နက်နယ်နိမိတ်ကို တိကျမှန်ကန်စွာ တိုင်းတာသတ်မှတ်ရေး။

 

မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ

နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် ယင်းနိုင်ငံ၏ ပြည်သူများ၊ ယာဉ်ကျေးမှု အမွေအနှစ်များ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတပစ္စည်းများပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာမူဝါဒ ရည်မှန်းချက်မှာ ပြည်သူတစ်ရပ်လုံး၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စများကို ထည့်သွင်း ပေါင်းစပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုတို့ကို ရရှိစေရေးပင် ဖြစ်သည်။ နိုင်ငံတိုင်းသည် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်မှုကို မထိပါးစေရန် သို့မဟုတ် အကျိုးစီးပွားကို မထိခိုက်စေရန် အထူး အလေးထား၍ မိမိနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့်အညီ မိမိနိုင်ငံပိုင် သဘာဝသယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲနိုင်သည့် အချုပ်အခြာ အာဏာပိုင်ခွင့် ရှိသည်။ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးနွယ်ဆက်များ၏ အကျိုးငှာ သဘာဝသယံဇာတပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ် စောင့်ရှောက်မှုကို ပဓာနကျသော ရည်မှန်းချက်အဖြစ် ထာဝစဉ် ထားရှိရမည်ဖြစ်သည်။