အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

နောက်ခံအခြေအနေ

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းဒေသ၏ သဘာဝပတ်ဝန်းကျင် အခြေအနေများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြေယာကျေးလက် တိုးတက်ကြီးပွားရေးကော်ပိုရေးရှင်း (မြေကျေးရှင်း) ကို ဖွဲ့စည်းခဲ့ပြီး ၁၉၅၃-၁၉၅၄ ဘဏ္ဍာနှစ်မှ ၁၉၆၂-၁၉၆၃ ဘဏ္ဍာနှစ်အထိ ၁၀ နှစ်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် သစ်တောဦးစီးဌာနမှ ဆက်လက်တာဝန်ယူခဲ့ပြီး ၁၉၆၃-၁၉၆၄ ဘဏ္ဍာနှစ်မှ ၁၉၈၁-၁၉၈၂ ဘဏ္ဍာနှစ်အထိ နှစ် ၂၀ အား (၁၀) နှစ် စီမံကိန်း ၂ ရပ် သတ်မှတ်ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပါသည်။ အဓိကအားဖြင့် မိတ္ထီလာခရိုင်တွင်သာ အများဆုံး ဆောင်ရွက်ခဲ့ပြီး ပုပ္ပါးတောင် ရေဝေရေလဲသစ်တောများ ပြန်လည်ထူထောင်၍ ကျေးရွာသစ်တောများနှင့် စံပြသစ်တောများကို ဦးစားပေး တည်ထောင်ခဲ့ပါသည်။

၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်တွင် အထူးဒေသ ကိုးခရိုင်စိမ်းလန်းစိုပြည်ရေး စီမံကိန်း၊ ပထမ ၃ နှစ်တာကာလအား စမ်းသပ် ကာလအဖြစ် သတ်မှတ်၍ စီမံကိန်းစတင်ခဲ့ပါသည်။ ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် ၉ ခရိုင်မှ ၁၃ ခရိုင်သို့ တိုးချဲ့ခဲ့ပြီး မြင်းခြံခရိုင်တွင် ရေဝေတောင်တန်းများ စိမ်းလန်းစိုပြည်ရေး အထူး လုပ်ငန်းစီမံကိန်း စတင် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်အရ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို စီမံကိန်းများ ချမှတ်၍ အလေးထားဆောင်ရွက်သွားရန်၊ အပူပိုင်းဒေသ၌ နောင်သားစဉ်မြေးဆက် ရေရှည် အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်သွားရန်နှင့် ဒေသခံပြည်သူများလည်း နားလည်သိရှိပြီး ပူးပေါင်းပါဝင်အောင် စည်းရုံး ဆောင်ရွက်သွားရန်အတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။