လုပ်ငန်းလမ်းညွှန်

  • မေး-၁။ တရားဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ သယ်ဆောင်လိုပါက မည်သို့ဆောင်ရွက်ရပါမည်နည်း။
  • ဖြေ-၁။ တရားဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများကို မြို့နယ်ကျော် သယ်ယူလိုပါက သက်ဆိုင်ရာ မြို့နယ်သစ်တောအရာရှိထံ သယ်ယူခွင့် လျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ သယ်ဆောင်ရမည် ဖြစ်ပါသည်။ ယင်းသို့ သယ်ဆောင်ရာတွင် သယ်ယူခွင့်မျောစာကို တပါတည်း ယူဆောင်ရမည်ဖြစ်ပြီး လမ်းခရီးရှိ သစ်တောကင်းရုံးများ၏ စစ်ဆေးခြင်းနှင့် အခွန်အခ စည်းကြပ်ခြင်းကို ခံယူရမည်ဖြစ်ပါသည်။

 

  • မေး-၂။ အိမ်ခြံမြေအတွင်း၊ ဥယျာဉ်ခြံအတွင်းနှင့် လယ်ဦးလယ်ထိပ်များတွင် ရတနာတန်းဝင်ကျွန်းပင်များ စိုက်ပျိုးပါက စိုက်ပျိုးသူများ ပိုင်ဆိုင်ခွင့်အနေဖြင့် မည်သို့ရှိသနည်း။
  • ဖြေ-၂။ ရတနာတန်းဝင်ကျွန်းပင်များ စိုက်ပျိုးခြင်းကို ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်းမပြုဘဲ မိမိအိမ်ခြံအတွင်း၊ ဥယျာဉ်ခြံအတွင်းနှင့် လယ်ဦးလယ်ထိပ်များတွင် စိုက်ပျိုးထားပါက စိုက်ပျိုးသူများ ပိုင်ဆိုင်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနရုံးများတွင် မှတ်ပုံတင် စာရင်းသွင်းထားရမည်ဖြစ်ပါသည်။

  • မေး-၃။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခွင့်ကို ကုမ္ပဏီ/လုပ်ငန်းရှင် တစ်ဦးမှ တစ်ကြိမ်လျင် ဧရိယာမည်မျှ လျှောက်ထားခွင့် ရှိပါသလဲ။
  • ဖြေ-၃။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများတည်ထောင်လိုသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်တစ်ဦးအတွက် တစ်ကြိမ်လျင် ကျွန်းစိုက်ခင်း (၅၀၀)ဧက၊ သစ်မာမျိုးစုံစိုက်ခင်း (၁၀၀)ဧကနှင့် ဆီအုန်း၊ ရော်ဘာ၊ စက်မှုကုန်ကြမ်းသီးနှံများ (၂၀၀) ဧက အသီးသီး စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။

 

  • မေး-၄။ ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခွင့်ပြုသည့် သစ်တောမြေများအတွက် မြေပိုင်ဆိုင်ခွင့် ဂရမ်ထုတ်ပေးပါသလား။
  • ဖြေ-၄။ ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခွင့်ပြုသည့် သစ်တောမြေများအတွက် မြေပိုင်ဆိုင်ခွင့် ဂရမ်များထုတ်ပေးခြင်းမရှိပါ။ နှစ်စဉ် မြေငှားရမ်းခ ပေးသွင်းစေသည့် စနစ်ဖြင့် မြေငှားရမ်းအသုံးပြုခွင့်ပေးခြင်းဖြစ်ပါသည်။

 

  • မေး-၅။ ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခြင်းအတွက် နှစ်စဉ်ပေးသွင်းရမည့် မြေငှားရမ်းခများကို သိလိုပါသည်။
  • ဖြေ-၅။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအတွက် နှစ်စဉ်မြေငှားရမ်းခ ပေးသွင်းရမည့် နှုန်းထားများမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ ကျွန်းစိုက်ပျိုးခြင်းအတွက် တစ်ဧကလျင် (၂၀၀)ကျပ်၊ ရော်ဘာစိုက်ခင်းအတွက် တစ်နှစ်မှ (၇)နှစ်အထိ တစ်ဧကလျင် (၅၀၀)ကျပ်နှင့် (၈)နှစ်မှ ခွင့်ပြုကာလကုန်ဆုံးသည်အထိ တစ်ဧကလျင် (၁၀၀၀)ကျပ်၊ ဆီအုန်းစိုက်ခင်းအတွက် (၁)နှစ်မှ(၅)နှစ်အထိ တစ်ဧကလျင် (၅၀၀)ကျပ်၊ (၆)နှစ်မှ ခွင့်ပြုကာလကုန်ဆုံးသည်အထိ တစ်ဧကလျင်(၁၀၀၀)ကျပ်၊ စက်မှုကုန်ကြမ်းစိုက်ခင်း (ပီလောပီနံ၊ ကြံ)အတွက် တစ်ဧကလျင် (၁၀၀၀)ကျပ် အသီးသီးဖြစ်ပါသည်။ အဆိုပါနှုန်းထားများမှာ အချိန်ကာလအလိုက် ပြောင်းလဲမှုရှိနိုင်ပါသည်။

 

  • မေး-၆။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအတွက် မြေငှားရမ်းခြင်းကို နှစ်ပေါင်းမည်မျှ ခွင့်ပြုနိုင်ပါသလဲ။
  • ဖြေ-၆။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအတွက် သစ်တောမြေများ ငှားရမ်းခြင်းကို နှစ်ပေါင်း(၃၀) အထိ ခွင့်ပြုနိုင်ပါသည်။

 

  • မေး-၇။ ပုဂ္ဂလိက ကျွန်းစိုက်ခင်းတည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များကို သိလိုပါသည်။
  • ဖြေ-၇။ ပုဂ္ဂလိကကျွန်းစိုက်ခင်း စိုက်ပျိုးတည်ထောင်ခွင့်လျှောက်ထားရာတွင် တည်ထောင်လိုသည့် လုပ်ငန်းရှင်/ကုမ္ပဏီအဖွဲ့အစည်းမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့  အဆိုပြုတင်ပြခြင်း၊ စီမံချက်ရေးဆွဲတင်ပြခြင်း၊ စီမံချက်ကို သဘောတူပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ စာချုပ်မူကြမ်းအပေါ် သဘောထားမှတ်ချက်ရယူရန်တင်ပြခြင်း၊ ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်နှင့်အတူ အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရန် ဆောင်ရွက်ခြင်းတို့ အဆင့်ဆင့် ဆောင်ရွက်ပြီးနောက် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ခွင့်ပြုချက် ထုတ်ပြန်ခြင်း၊ သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ ဆောင်ရွက်ရ ပါမည်။

 

  • မေး-၈။ ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခွင့် လျှောက်ထားရာတွင်မည်သည့် အချက်အလက် များပါဝင်ရမည်လဲ။
  • ဖြေ-၈။ ပုဂ္ဂလိက ကျွန်းစိုက်ခင်းတည်ထောင်ခွင့်လျှောက်လွှာတွင် တည်ထောင်မည့် စိုက်ခင်းအမျိုးအစား၊ စိုက်ပျိုးလိုသည့်သစ်မျိုး၊ အဆိုပြုစိုက်ခင်း တည်နေရာ၊ အဆိုပြု ဧရိယာ (ဧက)၊ အဆိုပြုစိုက်ခင်း တည်နေရာပြမြေပုံ( ၁လက်မ= ၁ မိုင်စကေး) တို့ပါဝင်ရမည့်အပြင် လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်နှင့် ငွေကြေးခိုင်မာမှု အထောက်အထား ( Bank Statement) တို့လည်း ပါဝင်ရပါမည်။

 

  • မေး-၉။ ပုဂ္ဂလိကကျွန်းစိုက်ခင်း လုပ်ကိုင်ခွင့်ရသူမှ လိုက်နာရမည့် စည်းကမ်းချက်များနှင့် အခွင့်အရေးများကို သိရှိလိုပါသည်။
  • ဖြေ-၉။ ပုဂ္ဂလိကကျွန်းစိုက်ခင်းတည်ထောင်ခွင့်လျှောက်ထားရာတွင် လိုက်နာရမည့်စည်းကမ်းချက်များနှင့် အခွင့်အရေးများမှာ−

(က) လုပ်ကိုင်ခွင့်ပြုထားသည့်မြေပေါ်တွင် သတ်မှတ်ထားသည့် နှစ်ကာလအတွင်း   ဧရိယာအားလုံး သို့မဟုတ် သစ်တောဦးစီးဌာနက ကင်းလွတ်ခွင့်ပြုသည့် ဧရိယာမှအပ ကျန်မြေဧရိယာအားလုံး အပြည့်အဝစိုက်ပျိုးပြီးဖြစ်ရမည်။

(ခ) လုပ်ကိုင်ခွင့်ပြုထားသည့်မြေပေါ်တွင် ကျွန်းစိုက်ခင်းကို အနှောက်အယှက် မပြုသည့် တောင်ယာသီးနှံ/သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း (Agroforestry) လုပ်ငန်းမှအပ အခြားလုပ်ငန်းကိုခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခြင်းမပြုရ။

(ဂ) လုပ်ကိုင်ခွင့်ပြုထားသည့်မြေပေါ်တွင် လုပ်ကိုင်မည့်လုပ်ငန်းအစီအစဉ်များကို ကြိုတင်ရေးဆွဲပြီး သစ်တောဦးစီးဌာနက အတည်ပြု ထားသည့် စီမံချက်ပါအတိုင်း သတ်မှတ်ထားသော အချိန်ကာလများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရမည်။ လုပ်ငန်း အစီအစဉ်အတိုင်း ခိုင်လုံသောအကြောင်းမရှိဘဲ ဆောင်ရွက်နိုင်ခြင်းမရှိဟု ယူဆရန် အထောက်အထားများ ခိုင်လုံပါက အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ကို ပြန်လည်ရုတ်သိမ်းခြင်း ခံရမည့်အပြင် သစ်တောပျက်စီးဆုံးရှုံးမှုအတွက် ထိုက်သင့်သော လျော်ကြေးငွေကို ပေးဆောင်ရမည်။

(ဃ) လုပ်ကိုင်ခွင့်ပြုထားသည့် မြေဧရိယာအတွင်းပေါက်ရောက်နေသည့် ကျွန်းနှင့် တားမြစ်သစ်ပင်များကို သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ သင်းသတ်ခြင်း၊ ထစ်မှတ်ခြင်း၊ ချိုးဖျက်ခြင်း၊ ဖောက်ထွင်းခြင်း၊ မီးသို့မဟုတ် အခြားနည်းဖြင့် ပျက်စီးစေခြင်း၊ ထုတ်ယူခြင်း၊ သယ်ယူ ရွှေ့ပြောင်း ခြင်းနှင့် လက်ဝယ်ထားခြင်းမပြုရ။

(င) လုပ်ကိုင်ခွင့်ပြုထားသည့် မြေဧရိယာအတွင်း မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများကို တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သီးခြားခွင့်ပြုချက်မရှိဘဲ ရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်ယူခြင်းမပြုရ။

(စ) လုပ်ကိုင်ခွင့်ရရှိသည့် သက်တမ်းအတွင်း လုပ်ကိုင်ခွင့်ရရှိသူကွယ်လွန်လျင် ၎င်း၏အမွေဆက်ခံခွင့်ရရှိသူက ခိုင်လုံသော အထောက်အထားများတင်ပြ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ဆက်လက် လုပ်ကိုင်ခွင့် ရှိသည်။

(ဆ) လုပ်ကိုင်ခွင့်ပြုထားသည့် မြေအားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ရောင်းချခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း မပြုရ။

(ဇ) ကျွန်းစိုက်ခင်းတည်ထောင်ရာတွင် မျိုးကောင်းမျိုးသန့်အပင်များမှ ခန္ဓာပိုင်း မျိုးပွားနည်း(Vegetative Propagation) ဖြင့် ထုတ်လုပ်ထားသည့် ပျိုးပင်များကို အတတ်နိုင်ဆုံးအသုံးပြုရမည့်အပြင် ရေရှည်တွင် ကျွန်းမျိုးသန့်ဥယျာဉ် (Seed Orchard) တည်ထောင်ရမည်။ ထို့အပြင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ (Research and Development) ကိုဆောင်ရွက်ရမည်။

(ည) သစ်တောစိုက်ခင်းလုပ်သားများ၏ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေး လုပ်ငန်းများစီစဉ်ဆောင်ရွက်ပေးရမည်။

(ဋ) ကျွန်းစိုက်ခင်းမှတ်တမ်းစာအုပ်ထားရှိ၍ လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ်မှန်ကန်စွာဖြည့်စွက်ထားရှိရမည်။ အငှားချထားသူမှ တာဝန်ရှိသူများ အခါအားလျော်စွာ လာရောက်ကြည့်ရှုစစ်ဆေး၍  အကြံပြုချက်များ၊ မှတ်ချက်များ ရေးသားပါက ယင်းအကြံပြုချက်များ၊ မှတ်ချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်ရမည်။

(ဌ) မြေငှားရမ်းခအဖြစ် တစ်ဧကအတွက် တစ်နှစ်လျင် ၂ဝဝိ/- (နှစ်ရာကျပ်တိတိ) နှုန်းဖြင့် လုပ်ငန်းစတင်ရမည့် နေ့ရက်မတိုင်မီနှင့် နောက်နှစ်များတွင် ဆက်လက် လုပ်ကိုင်မည့်နှစ်အတွက် ပထမဆုံးနေ့ရက်မတိုင်မီ အငှားချထားသူသို့ နှစ်စဉ် ပေးသွင်းရမည်။

(ဍ) ကျွန်းစိုက်ခင်းတွင်ပင်ကျပ်နုတ်ခြင်းနှင့် နောက်ဆုံးတောထွက်(Final Yield) ထုတ်လုပ်ခြင်းလုပ်ငန်းများကို အငှားချထားသူ၏ ခွင့်ပြုချက်ရယူပြီး ကျွန်းစိုက်ခင်း တည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်များ နှင့်အညီ ဆောင်ရွက်ရမည်။

(ဎ) ကျွန်းစိုက်ခင်းမှ ပင်ကျပ်နုတ်ခြင်းနှင့် နောက်ဆုံးတောထွက် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အငှားချထားသူမှ သတ်မှတ်ထားသည့် တံဆိပ် အမှတ်အသားများ ရိုက်မှတ်ပြီးမှ ခုတ်လှဲခြင်းနှင့် ထုတ်ယူခြင်းပြုရမည်။

(ဏ) ကျွန်းစိုက်ခင်းမှ ထုတ်လုပ်ထွက်ရှိသည့် ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ် များကို စိုက်ခင်းဧရိယာအတွင်း၌ အငှားချထားသူက အကောက်တံဆိပ် ရိုက်မှတ်ပြီးသည့်အခါ သတ်မှတ်စည်းကြပ်သည့် အခွန်ငွေကို ပေးဆောင်ရမည်။

(တ) သတ်မှတ်စည်းကြပ်သည့်အခွန်ငွေပေးဆောင်ပြီးဖြစ်သော ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ်များကို နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့် အငှားချထားသူ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်တွင်း၊ ပြည်ပသို့ ရောင်းချနိုင်သည်။

(ထ) ကျွန်းစိုက်ခင်းတွင်ပင်ကျပ်နုတ်ခြင်းမှ ကြားတောထွက်(Intermediate Yield)အဖြစ်ထုတ်လုပ်ထွက်ရှိသည့် ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ်များကို အငှားချထား ခြင်းခံရသူမှ ရယူခံစားခွင့်ရှိပြီး နောက်ဆုံးတောထွက်အဖြစ် ထုတ်လုပ်ထွက်ရှိသည့် ကျွန်းသစ်များကို ပြည်တွင်း၊ ပြည်ပသို့ ရောင်းချသည့် အခါ စုစုပေါင်းရရှိသည့် တန်ဖိုး၏ ၁၀% ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ပေးအပ်ရမည်။

(ဒ) လုပ်ကိုင်ခွင့်ပြုသောမြေအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေ နှင့်အညီ ပြန်လည်သိမ်းယူသည့်အခါ သိမ်းယူသည့်အချိန်ကာလအထိ စိုက်ခင်းတည်ထောင်ဆောင်ရွက်ခဲ့သည့် မူလစီမံချက်ပါ ကုန်ကျစရိတ်အပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ စိစစ်အတည်ပြုသည့် တန်ဖိုးငွေအား ရထိုက်ခွင့်ရှိသည်။ ထိုသို့ သိမ်းယူသည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ညွှန်ကြားသည့်အတိုင်း ပြန်လည်အပ်နှံရမည်။

(ဓ) လုပ်ကိုင်ခွင့်ရရှိသည့် မြေပေါ်တွင် ကျွန်းစိုက်ခင်းစိုက်ပျိုးပြီး (၈) နှစ် ပြည့်ပြီးသည့်အခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရောင်းချခွင့်ရှိသည်။

(န) အထက်ဖော်ပြပါစည်းကမ်းချက်အပိုဒ်တစ်ခုခုကို ပြင်ဆင်လိုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာ၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်ခွင့်ရှိ သည်။

  • မေး-၁၀။ မြန်မာ့သစ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်မည်ဆိုပါက မည့်ကဲသို့ ဆက်သွယ်ရမည်နည်း။
  • ဖြေ-၁၀။ မြန်မာ့သစ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုပါက ဆက်သွယ်ရမည့် လိပ်စာများ-

ဦးဆောင်ညွှန်ကြားရေးမှူးရုံး       Office:    528789, 528883         Fax :       528731

အထွေထွေမန်နေဂျာ (စီမံကိန်း)ရုံး Office:    250050, 252440         Fax :       254288

One Stop Service                   Office:    09 31577361              Fax :       657932

  • မေး-၁၁။ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်သက်၍ မည်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်နည်း။
  • ဖြေ-၁၁။ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်သက်၍ ကျွန်းနှင့်သစ်မာများကို အသုံးပြု၍ သစ်အခြေခံတန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။

 

  • မေး-၁၂။ ပြည်ပတင်ပို့ရန်အတွက် သစ်လုံးကုန်ကြမ်းများ မည်ကဲ့သို့ ဝယ်ယူရရှိနိုင်ပါသနည်း။
  • ဖြေ-၁၂။ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ ကြို့ကုန်း (တော်ဝင်ခန်းမ) တွင် လစဉ်ကျင်းပပြုလုပ်သော (1) Tender (2) Open Tender (3) Special Open Tender တို့တွင် ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင်ပါသည်။ လပ်ပုံအလိုက် အမြင့်ဆုံးဈေး ပေးသူကို ထိုတင်ဒါခန်းမ၌ပင် တပြိုင်တည်း ပွင့်လင်းမြင်သာစွာ ကြေညာရောင်းချ ပေးပါသည်။

 

  • မေး-၁၃။ ပြည်တွင်းစက်ရုံများ ကုန်ကြမ်းမည်ကဲ့သို့ ဝယ်ယူရရှိနိုင်ပါသနည်း။
  • ဖြေ-၁၃။ အောက်ပါနည်းလမ်း (၅)သွယ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်-

(၁) မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်)၌ လစဉ်ကျင်းပသော တင်ဒါနှင့် အိတ် ဖွင့်တင်ဒါများတွင် ကျွန်း/သစ်မာ သစ်လုံးနှင့် ခွဲသားများအား ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင် ပါသည်။

(၂) နယ်တွင် ပြည်ပရောင်းတန်မဝင် အင်/ကညင် သစ်လုံးများကို Open Tender (Ex-site) ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိရာ လွတ်လပ်စွာ ယှဉ်ပြိုင် ဝယ်ယူနိုင် ပါသည်။

(၃) ပြည်ပရောင်းတန်းဝင် ကျွန်း/သစ်မာသစ်လုံးများကိုလည်း FOB ဈေးဖြင့် ရွေးချယ်စွာယှဉ်ပြိုင် ဝယ်ယူနိုင်ပါသည်။

(၄) ရန်ကုန်/ နယ်သစ်ဆိပ်များရှိ လွတ်ကင်း လက်ကျန်သစ်လုံးများအား စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုလိုပါက ဖြည့်ဆည်း ရောင်းချပေးပါ သည်။

(၅) ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁)ရက် နောက်ပိုင်း သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းပြီးပါက ထုတ်လုပ်ထွက်ရှိလာသော သစ်အားလုံးကို သစ်အခြေခံ စက်မှုလုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းနှင့် ပြည်တွင်းသုံး သစ်အဖြစ်သာ ဖြည့်ဆည်းပေးသွားပါမည်။

 

  • မေး-၁၄။ တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုပါက မည်ကဲ့သို့ဆောင်ရွက်ရပါမည်နည်း။
  • ဖြေ-၁၄။ အောက်ဖော်ပြပါအချက်များ လိုအပ်ပါသည်-

(၁)   ကုမ္ပဏီမှတ်ပုံတင်နှင့် ထုတ်ကုန်သွင်းကုန်လိုင်စင်ရှိရပါမည်။

(၂)   ငွေကြေးခိုင်လုံမှု ဘဏ်အထောက်အထားရှိရပါမည်။

(၃)   သမာဓိအာမခံကြေး (Earnest Money) US$ 15000 ရှိရပါမည်။

 

  • မေး-၁၅။ မည်သည့်ငွေကြေးစနစ်ဖြင့် ရောင်းချပါသနည်း။
  • ဖြေ-၁၅။ အမေရိကန်ဒေါ်လာငွေကြေးစနစ်ဖြင့် ရောင်းချပါသည်။

 

  • မေး-၁၆။ လိုင်စင်လျောက်ထားရန် လိုအပ်ချက်များ သိလိုပါသည်။
  • ဖြေ-၁၆။

(၁)   မြန်မာ့သစ်လုပ်ငန်းနှင့် ချုပ်ဆိုထားသော စာချုပ်ဖြစ်ပြီး MTE Shipper ဖြစ်ရပါမည်။

(၂)   ပြည်ပနိုင်ငံများသို ပို့မည့်ဆိပ်ကမ်းမြို့ပါရှိရပါမည်။

(၃)   FOB စနစ်ဖြင့် ချုပ်ထားသော စာချုပ်ဖြစ်ရပါမည်။

(၄)   ပြည်ပကုမ္ပဏီအမည်ဖြစ်သော စာချုပ်ဖြစ်ရပါမည်။

(၅)   သက်တမ်းရှိသော စာချုပ်ဖြစ်ရပါမည်။

(၆)   အဆိုပါအချက်များပါသော စာချုပ်များဖြင့်သာ ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနသို့ လိုင်စင်လျှောက်ထား နိုင်ပါသည်။

  • မေး-၁၇။ သစ်ဝယ်ယူသူများသည် ဘဏ်အာမခံ (Bank Guarantee) မည်သို့ထားရမည်နည်း။
  • ဖြေ-၁၇။ တင်ဒါ/အိတ်ဖွင့်တင်ဒါအတွက် ပြည်ပကုမ္ပဏီများမှ US$ 15000/- ပြည်တွင်း ကုမ္ပဏီများမှ US$ 15000/- ထားရှိရပါမည်။ တိုက်ရိုက်ရောင်း စာချုပ်များအတွက် ပြည်ပကုမ္ပဏီများမှ  US$ 10000/- ပြည်တွင်း ကုမ္ပဏီ များမှ US$ 5000/- ထားရှိရပါမည်။

 

  • မေး-၁၈။ သစ်ဖိုးငွေပေးသွင်းရာတွင် ငွေပေးသွင်းမှုနည်းလမ်းကို ဖော်ပြပါ။
  • ဖြေ-၁၈။ စင်္ကာပူနိုင်ငံရှိ UOB, OCBC, DBS ဘဏ်များမှ (MFTB) သို့ ကြေးနန်း ဖြင့် ငွေလွှဲပို့စနစ် (Tested Telex) ဖြင့် သစ်ဖိုးငွေ ပေးသွင်းရပါသည်။ PAA/LC စနစ်၊ (Payment Against Ready Acceptance Cargo) စနစ်ဖြင့် (MFTB) သို့ ငွေလဲစာတမ်း ဖွင့်လှစ်၍ ငွေပေးသွင်းနိုင်ပါသည်။

 

  • မေး-၁၉။ ဝယ်ယူပြီး သစ်များကို မည်သည့်အချိန်တွင် သင်္ဘောတင်ပို့နိုင်မည်နည်း။
  • ဖြေ-၁၉။ သစ်များကို (MFTB) သို့ သစ်ဖိုးငွေအပြည့်ပေးသွင်းပြီး စာချုပ်၊ ကုန်သွယ်ရေးလိုင်စင်၊ အတိုင်းစာရင်းများ တိုက်ဆိုင်၍ သင်္ဘာတင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။

 

  • မေး-၂၀။ သစ်များသင်္ဘာတင်ပို့ပြီးပါက မည်သည့်စာရွက်စာတမ်းများ ထုတ်ပေးပါသလဲ။
  • ဖြေ-၂၀။ သစ်များ သင်္ဘောတင်ပို့ပြီးပါက ကုန်ရောင်းရှင်းတမ်း၊ ပင်ရင်းဒေသသက် သေခံလက်မှတ်၊ သင်္ဘောတင်တန်ဆာ (B/L) များ ထုတ်ပေးပါသည်။

 

  • မေး-၂၁။  ဝယ်ယူပြီး ခွဲသားများ နိုင်ငံခြားသို့ တင်ပို့ခြင်းအတွက် မည်သည့် စာရွက် စာတမ်းများ လိုအပ်ပါသလဲ။
  • ဖြေ-၂၁။  ဝယ်ယူပြီး ခွဲသားများအား နိုင်ငံခြားသို့တင်ပို့ရန်အတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်-

(၁)  Contract   -  မြန်မာ့သစ်လုပ်ငန်း နှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် စာချုပ်၊

(၂)  ASI   -  Advance Shipment Information ငွေဝင်ပြီး ဖြစ်သဖြင့် သင်္ဘောတင်ရန် အကြောင်းကြားစာ၊

(၃)  Form B   -  အထွေထွေမန်နေဂျာ(ပြည်ပရောင်း)၏ တင်ပို့မှုခွင့်ပြု ချက်၊

(၄)  Export Licence    -    ပြည်ပတင်ပို့ခွင့် ထုတ်ကုန်လိုင်စင်

(၅)  ဝယ်ယူရရှိသည့် ပစ္စည်း၏ သစ်အတိုင်းစာရင်း၊

(၆)  ကုန်ပစ္စည်းလိုက်ပါမည့် သင်္ဘော၏ Booking Note

(၇)  စာရွက်စာတမ်းများစုံလင်ပါက Custom Pass လျှောက်ထားပေး ပါမည်။

FOB      -    စနစ်ဖြင့် ဝယ်ယူထားပါက သင်္ဘောပေါ်အရောက် (သင်္ဘောလက်ရမ်း ကျော်သည်အထိ) တာဝန်ယူ တင်ပို့ပေး ပါသည်။

Ex-site   -    စနစ်ဖြင့် ဝယ်ယူထားပါက ဝယ်ယူထားသူ ကိုယ်တိုင် တာဝန်ယူ တင်ပို့ရပါမည်။

  • မေး-၂၂။  ရန်ကုန်မြို့တွင် မည်သည့်ဆိပ်ကမ်းများတွင် တင်ပို့နိုင်သနည်း။
  • ဖြေ-၂၂။  ရန်ကုန်မြို့တွင် တင်ပို့နိုင်သည့် ဆိပ်ကမ်းများမှာ-

(၁)  Myanmar International Terminal Thilawa

(၂)  Myanmar Integrated Port Thilawa

(၃)  ဗိုလ်အောင်ကျော်ဆိပ်ကမ်း

(၄)  ဆူးလေဆိပ်ကမ်း

(၅)  Myanmar Industrial Port

(၆)  Asia World Port Terminal

(၇)  Heet Tan Port Terminal

  • မေး-၂၃။  ပြည်ပတင်ပို့ရန်အတွက် ဝယ်ယူနိုင်သည့် ကျွန်းခွဲသားများအတွက် ဆောင်ရွက်သည့် အစီအစဉ်အား သိလိုပါသည်။
  • ဖြေ-၂၃။  မြန်မာ့သစ်လုပ်ငန်း၏ အစီအစဉ်ဖြင့် လည်ပတ်နေသော သစ်စက်(၂) စက် ရှိပါသည်။

(က)  အမည်                           -    အမှတ် (၁) သစ်စက်နှင့် အမှတ် (၁၄) သစ်စက်

(ခ)   ထုတ်လုပ်မှုအစီအစဉ်        -    မြန်မာ့သစ်လုပ်ငန်း အစီအစဉ် ဖြင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ လျက်ရှိပါသည်။

(ဂ)   ထုတ်လုပ်သည့်ကုန်ပစ္စည်း  -    ဒုသစ်၊ တိုင်သစ်၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ သစ် ခွဲသားများ

(ဃ)  ရောင်းချသည့်နည်းစနစ်    -    အိတ်ဖွင့်လေလံ စနစ်ဖြင့် ရောင်း ချ ပေးပါသည်။

(င)   ငွေပေးချေမှု                    -    နိုင်ငံခြားငွေ (အမေရိကန်) ဖြင့် ပေးချေရပါသည်။

(စ)   ဈေးနှုန်း                         -    သတ်မှတ် သစ်ခွဲသား ဈေးနှုန်း အား သစ်စက်ဌာနခွဲတွင် စုံစမ်း မေးမြန်း နိုင်ပါသည်။