ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပဲခူးရိုးမဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနှင့် ဆင်စခန်းများစစ်ဆေး

နေပြည်တော် ၊ ၂၃.၉.၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးရိုးမဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သစ်တောစိုက်ခင်းများပြုစုထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများ၊ သဘာဝတောထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပြည်သူလူထုအပန်းဖြေ လေ့ လာနိုင်ရန်အတွက် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းမျာအားစက်တင်ဘာလ ၂၂ ရက်နေ့တွင်ကြည့်ရှုစစ်​ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့၊ မြန်မာ့သစ်လုပ်ငန်းနတ်မှော်ဧည့်ရိပ်သာတွင် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာ၌ ၂၀၁၈-၁၉ ခုနှစ်၊ ပြည်သစ်ထုတ်ရေးဒေသ သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ မြန်မာ့သစ်လုပ်ငန်း၊ ပြည်သစ်ထုတ်ရေးဒေသ လက်ထောက် အထွေထွေမန်နေဂျာ ဦးတင်မင်းဦးမှ နှစ်စဉ်တောထွက်လျာထားချက်အပေါ် သစ်မာပင်ထောင် ရိုက်မှတ်ပြီးစီးမှု၊ ခုတ်လှဲ၊ ငုတ်ထုတ်ဆောင်ရွက်ပြီးစီးမှု၊ သစ်မာအုပ်စုအလိုက် သစ်တစ်ပင်၏ ပျမ်းမျှထွက်နှုန်း၊ သစ်ဆိပ်၌ သစ်လက်ကျန် ကျန်ရှိမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် သစ်ထုတ်လုပ်နိုင်ရေးအတွက် သင်တန်းပို့ချဆောင်ရွက်မှု၊ လျာထားချက်ပြည့်မီအောင် ဆက်လက် ဆောင်ရွက်မည့်အစီအမံ၊ ယခင်သစ်ထုတ်ပြီး သစ်ကွက်များ၌ တန်ဖိုးမြှင့် သစ်ပင်စိုက်ပျိုးလျက်ရှိ သည့် အစီအစဉ်၊ ဆင်ပြတိုက်နှင့် ဆင်စခန်းများ ဖွင့်လှစ်ဆောင်ရွက်မှုအား တင်ပြရာ  ပြည်ထောင်စု ဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းက ဆောင်ရွက်လျှက်ရှိသည့် တန်ဖိုးမြှင့်စိုက်ခင်းများ၏ ရှင်သန် အောင်မြင်မှု အခြေအနေကို စစ်ဆေးတင်ပြရန်၊ သစ်ထုတ်လုပ်မှုလျာထားချက်ပြည့်မီစေရန်အတွက် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ဆင်စခန်းများ၌ လာရောက်လေ့လာ လည်ပတ်သူများ အဆင်ပြေအောင် ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဆင်စခန်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လုံခြုံမှုရှိစေရေးနှင့် အပျော်စီးရေယာဉ် ၌ အသက်ကယ်အင်္ကျီများ လုံလောက်စွာထားရှိရေးတို့ကို ဆွေးနွေးမှာကြားသည်။ ဆက်လက်၍  ရာထူးအဆင့်ဆင့်အလိုက် တစ်ဦးနှင့်တစ်ဦး လေးလေးစားစားဖြင့် ယဉ်ကျေးစွာပြောဆို ဆက်ဆံ ကြရန်၊ မိမိတို့လုပ်ငန်းဌာနများ၏ မြေနေရာခိုင်မာမှုရှိအောင် ဆောင်ရွက်ရန်နှင့် ကျူးကျော် ဆောင်ရွက်မှုများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်၊ ဌာနအကြီးအကဲများက လစဉ်ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏အခက်အခဲတင်ပြချက်များအားဖြေရှင်း ဆောင်ရွက် ပေးရန်၊ ဝန်ထမ်းများ၏ အကျင့်စာရိတ္တကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်၊ ဝန်ထမ်းများ အနေဖြင့် မိမိအဖွဲ့အစည်းနှင့် ဌာနသိက္ခာကျစေမည့် မူးယစ်ရမ်းကာမှုသာမက မူးယစ်ဆေးဝါးကိစ္စများ၌ ပါဝင်ပတ်သက်မှုမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် နတ်မှော်ဆင်စခန်းအတွင်း ဖွင့်လှစ်ပြသထားရှိသည့် ဆင်ပြတိုက် အား ကြည့်ရှုစစ်ဆေးသည်၊ ၎င်းနောက်ဆင်စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များမှာကြားပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာကာ ပြည်ကျွန်းတောဆင်စခန်းအား ကြည့်ရှုစစ်ဆေးသည်၊ ဆင်စခန်းတာဝန်ခံ မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက်မန်နေဂျာ ဒေါ်ရတနာ မြင့်အောင်က ပြည်ကျွန်းတောဆင်စခန်းအတွင်းဆင်စီး၍ သဘာဝတော၏ အလှအပများခံစားနိုင် စေရန်နှင့် လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကျော်က စိုက်ပျိုးခဲ့သော ကျွန်းပင်ကြီးများအား လေ့လာနိုင် စေရန် ဝန်ဆောင်မှုပေးနေမှု၊ အပန်းဖြေနားနေခြင်း၊ ဆင်စာကျွေးခြင်းနှင့် အမှတ်တရဓါတ်ပုံရိုက် ခြင်းတို့အတွက် ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးဇော်က ပြည်ကျွန်းကြိုးဝိုင်းအတွင်း ဆင်ထိန်းသိမ်း ရေးအခြေပြုခရီးသွား လုပ်ငန်းအဆင့်မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင် ရွက်နေမှု၊ ဒေါက်တာဘရန်းဒစ်ကျွန်းစိုက်ခင်းအတွင်း ပြည်သူလူထုလေ့လာနိုင်ရန်အတွက် သစ်တော ပြတိုက်တစ်ခု တည်ဆောက်၍ သစ်တောဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် သစ်တောသမိုင်းကြောင်း၊ ဒေါက်တာဘရန်းဒစ်လက်ထက် စိုက်ခင်းတည်ထောင် ဆောင်ရွက်မှုနှင့် အခြားထည့်သွင်းပြသမည့် ပြကွက်များနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားကာ ဆင်စခန်းနှင့် ဒေါက်တာဘရန်းဒစ်၏ ကျွန်းစိုက်ခင်းအတွင်းလှည်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာကာ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း မြို့နယ်၊ တောင်နဝင်းကြိုးဝိုင်း အကွက်အမှတ် ၅၁ ရှိ ၁၉၉၉-၂၀၀၀ ခုနှစ်၊ သစ်စေ့ထုတ်ဧရိယာ ၄၀ ဧကအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဆွေးနွေးမှာကြားသည်။ ၎င်းနောက် အုတ်တွင်း-ပေါက်ခေါင်း ပဲခူးရိုးမဖြတ်လမ်း မိုင်တိုင်အမှတ် ၅၇/၆ ရှိ ရှုခင်းသာ ရှုရပ်မှ သဘာဝသစ်တောများ ဖုံးလွှမ်းတည်ရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပဲခူးရိုးမဒေသ စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်အလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် အုတ်တွင်း-ပေါက်ခေါင်း ပဲခူးရိုးမဖြတ်လမ်းအတိုင်း ဆက်လက်ထွက်ခွာကာ မိုင်တိုင်အမှတ် ၉၀/၀ အနီး ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနက ခပေါင်းကြိုးပြင်ကာကွယ်တော၊ ခုတ်ကွက်ကြီး XVI ၌  ၂၀၁၆ ခုနှစ်တွင် တည်ထောင် စိုက်ပျိုးခဲ့သည့် စီးပွားရေး(ကျွန်း)စိုက်ခင်း ၁၂၅ ဧက၏ ရှင်သန် ပေါက်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည်  မိုင်တိုင် ၉၄/၀ အနီး ခပေါင်းကြိုးပြင်ကာကွယ်တော၊ ခုတ်ကွက်ကြီး၌  ၂၀၁၀ ခုနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် စီးပွားရေး(ကျွန်း)စိုက်ခင်း ၅၀၀ဧကနှင့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း သစ်မျိုးစုံ ရောနှောစမ်းသပ်စိုက်ခင်း (၁) ဧက ရှင်သန် အောင်မြင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။  မိုင်တိုင်(၉၇/၀)အနီးရှိ စိုက်ခင်းရှင်းလင်း ဆောင်တွင် အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဝဏ္ဏက မြို့နယ်အတွင်း မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (MRRP) လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် တရားမဝင်သစ်ခိုးထုတ်မှုမရှိစေရေးအတွက် စစ်ကြောင်းများ စုဖွဲ့ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုအခြေအနေတို့ကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဆွေးနွေးမှာကြားပါသည်။

ပဲခူးရိုးမဒေသသည် မြန်မာ့ကျွန်းသစ်များပေါက်ရောက်ရာ မူရင်းဒေသတစ်ခုဖြစ်သည့် အတွက် သစ်ထုတ်လုပ်မှုကို ၁၀ နှစ်ရပ်ဆိုင်းကာ ပဲခူးရိုးမဒေသ၌ ကျွန်းတောကြီးများ ပြန်လည်ဖြစ်ထွန်း လာစေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။