ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသည့် တောရိုင်း တိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ညီလာခံတက်ရောက်

နေပြည်တော် အောက်တိုဘာ ၁၇

တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ညီလာခံကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့ တက်ရောက်ခဲ့သည်။

ညီလာခံဖွင့်ပွဲအခမ်းအနား၌ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် မစ္စတယ်ရီဆာမေက ဗီဒီယိုမိန့်ခွန်းပေးပို့၍ လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျယ်ရမီဟန့်၊ ကင်းဘရစ်ခ်ျမြို့စားကြီး တော်ဝင် မင်းသား ဝီလျံတို့နှင့် တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များအနက်မှ ဘော့ဆွားနားနိုင်ငံ သမ္မတမစ္စတာ မော့ဂွက်စီ မက်ဆီဆီတို့က အဖွင့်အမှာ စကား ပြောကြားခဲ့ကြသည်။

ညီလာခံကျင်းပနေသည့် နှစ်ရက်တာအတွင်း တောရိုင်းတိရစ္ဆာန်မှုခင်းများ အဆုံးသတ်ရေးခေါင်းစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများ အဆုံးသတ် ရေး၊ ဈေးကွက်များ ပိတ်သိမ်းရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွား လုပ်ငန်းကဏ္ဍတွင် တားဆီးပိတ်ပင်ရေး၊ အင်တာနက်အသုံးပြုရောင်းဝယ်ဖောက် ကားမှုများအား ပိတ်ပင်တားဆီးရေး၊ တရားမဝင်သစ်ခိုးထုတ်မှုများ တားဆီး အရေးယူရေး၊ အသိပညာပေးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး စသည့်ကဏ္ဍအလိုက်ခေါင်းစဉ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့် ဆွေးနွေး ပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ပါဝင်ဆွေးနွေး

အဆိုပါညီလာခံတွင် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံအနေ ဖြင့် ၂ဝ၁၈ ခုနှစ် မေ ၂၁ ရက်တွင် ဇီဝမျိုး စုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေကို အသစ်ပြဋ္ဌာန်းပြီး ဖြစ် ကြောင်း၊ သားငှက် တိရစ္ဆာန်များနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်မှုများအတွက် ပြစ်ဒဏ်များကို တိုးမြှင့်ထားပြီး ဥပဒေ အရ ပိုမိုထိရောက်စွာ ကာကွယ်နိုင်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတွင် ပြည်သူ များ ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့် အလမ်းများ ပါရှိကြောင်း၊ မြန်မာနိုင်ငံ အတွင်း ဆင်စွယ်နှင့်တောရိုင်းတိရစ္ဆာန် တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းနှင့် ဈေးကွက်များကို တားဆီးပိတ်ပင်ခြင်းနှင့် ဥပဒေအရ ထိရောက်စွာတားဆီးနှိမ်နင်း ရေးလုပ်ငန်းများကို အစိုးရဌာနများ၊ အဖွဲ့ အစည်းများ ပူးပေါင်းတိုးမြှင့်ဆောင်ရွက် နေပါကြောင်း၊ ဖမ်းဆီးရမိဆင်စွယ်အပါအဝင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း များအား မီးရှို့ ဖျက်ဆီးသည့် အခမ်းအနား ကို အောက်တိုဘာ ၄ ရက်တွင် ကျင်းပ ခဲ့ပါကြောင်း၊ ပြည်သူများ ပိုမိုသိရှိပူးပေါင်း ပါဝင်လာစေရေး အသိပညာပေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် လုပ်ဆောင် လျက်ရှိကြောင်း၊ ဒေသအတွင်းနှင့် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှုများကို လည်း တက်ကြွစွာ ပါဝင်လုပ်ဆောင်လျက် ရှိကြောင်း ပါဝင်ဆွေးနွေးပြောကြားခဲ့ သည်။

ပူးပေါင်းဆောင်ရွက်

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်း နှင့်အတူ အောက်တိုဘာ ၁ဝ ရက်တွင် ဗြိတိန်နိုင်ငံအစိုးရ၊ နိုင်ငံခြားရေးနှင့် ဓန သဟာယရုံးသို့သွားရောက်၍ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အထူးသံတမန်အဖွဲ့မှ အထူးကိုယ်စားလှယ် Mr. Nick Bridge နှင့်တွေ့ဆုံပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စရပ်များ၊ သစ်တော ကဏ္ဍဆိုင်ရာများ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ ပဲရစ်သဘော တူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ သံအမတ်ကြီး ဦးကျော်စွာ မင်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်စဖို့ဒ်ရှိ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး သုတေသနအဖွဲ့ (Wildlife Conservation Research Unit- Wild CRU) သို့ သွားရောက်လေ့လာခဲ့ ကြောင်း သိရသည်။

အောက်တိုဘာ ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လန်ဒန်ဇီဝဗေဒဆိုင်ရာ သိပ္ပံအဖွဲ့အစည်း(Zoological Society of London -ZSL) သို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ လန်ဒန်တိရစ္ဆာန်ဥယျာဉ်အတွင်း မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် သားငှက်တိရစ္ဆာန်များအား ထိန်းသိမ်းမွေးမြူ စောင့်ရှောက်ခြင်း၊ မျိုးပွားပြီး နေရင်းဒေသများသို့ ပြန်လည် စေလွှတ်ပေးခြင်း အစီအစဉ်အဖြစ် ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး မြန်မာ့မျိုးရင်း တိရစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ်ကျရောက်နေမှုအား လျှော့ချ ကာ မျိုးပွားလာစေရေးထိန်းသိမ်းရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့တို့သည် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ် မှုတားဆီးနှိမ်နင်းရေးဆိုင်ရာ လန်ဒန် ညီလာခံသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ သို့ အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်