ရန်ကုန်မြို့ ဖင်လန်နိုင်ငံသံရုံးမှ Ambassador Extraordinary and Plenipotentiary ဖြစ်သူ မှ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၁၉-၁၀-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ရန်ကုန်မြို့ ဖင်လန်နိုင်ငံသံရုံးမှ Ambassador Extraordinary and Plenipotentiary ဖြစ်သူ H.E. Ms. Riikka Laatu အား ၁၉-၁၀-၂၀၁၈ ရက်နေ့၊ (၁၃:၃၀) နာရီ တွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက် ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင်  နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စီမံကိန်းများ၊ ဖင်လန်နိုင်ငံအကူအညီဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း၊ သစ်တောစောင့်ကြည့်လေ့လာခြင်းနှင့် သတင်းအချက်အလက်စနစ် တည်ထောင်ခြင်းစီမံကိန်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဆင်ထိန်းသိမ်းရေး သုတေသနလုပ်ငန်း ဆောင်ရွက်နိုင်မှုများ၊ ဥရောပ ဈေးကွက်သို့ သစ်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ကဏ္ဍ တွင် ရေးဆွဲအတည်ပြုထုတ်ပြန်မည့် မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) တွင် ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍမှ ပါဝင်အကောင်အထည်ဖော်သည့် လုပ်ငန်း အစီအမံများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ရေးနှင့် ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI)ဆိုင်ရာ လုပ်ငန်းတိုးတက်မှုများ၊ သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲမှု၊ မြေယာအသုံးချမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ ဆက်နွယ်မှုများ၊ နည်းပညာထောက်ပံ့ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက် မှုများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)