ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းပုဂ္ဂလိကသစ်တော စိုက်ခင်းတည်ထောင်သည့် Forest Farm Family ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ရန်ကုန် အောက်တိုဘာ ၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်း နှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူ များနှင့်အတူ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းသစ်တောဝင်း အတွင်းရှိ သစ်တောဦးစီးဌာန ရိပ်သာ၌ ပုဂ္ဂလိကသစ်တော စိုက်ခင်းတည်ထောင်သည့်Forest Farm Family ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ရှေးဦးစွာ Forest Farm Family ကုမ္ပဏီမှ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ ခရိုင် နောင်ချိုမြို့နယ်အတွင်း ယူကလစ်စပ်မျိုးဧက ၅ဝဝ စိုက်ပျိုးထားခြင်း အပါအဝင် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စီးပွားဖြစ် သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး စက်ယန္တရားများ အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နေမှု၊ စိုက်ခင်းပြုစု ပျိုးထောင်ခြင်းနှင့် ခုတ်လှဲထုတ်လုပ်ခြင်းလုပ်ငန်းများ အဆင်ပြေ လွယ်ကူချောမွေ့စေရန်အတွက် ပန္နက်အကွာ အဝေးသတ်မှတ်ခြင်း၊ (၁)ဟက်တာကွက်များအပေါ် အခြေခံ၍ စိုက်ခင်းအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အပူချိန်၊ မိုးရေ ချိန်၊ စိုထိုင်းစများကို စနစ်တကျ တိုင်းတာမှတ်တမ်းတင် ထားရှိမှုများကို လည်းကောင်း၊ ဆက်လက်ဆောင် ရွက်မည့် ဂေဟစနစ်အခြေခံခရီးသွားလုပ်ငန်း၊ သစ်အခြေခံလုပ်ငန်း၊ စွန့်ပစ်ပစ္စည်းများမှ လောင်စာထုတ်လုပ်မည့်လုပ်ငန်းနှင့် ဒေသခံများနှင့်ပူးပေါင်း၍ သီးနှံသစ်တော ရောနှောစိုက်ပျိုး ပြီး သစ်တောစိုက်ခင်းတည်ထောင်မည့် လုပ်ငန်းအစီအစဉ် များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှုတို့အား Plantation Business Models များဖြင့် လည်းကောင်း၊ စီးပွားဖြစ်သစ်တောစိုက်ခင်း တည်ထောင်ခြင်းများအတွက် အားသာချက်၊ အားနည်းချက်များကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယူကလစ်စပ်မျိုးများသည် နှစ်တို ခုတ်ပတ်ဖြင့် စိုက်ပျိုးနိုင်သည့် အတွက် စီးပွားရေးအရတွက်ခြေကိုက်သည့် အကြီး မြန်သစ်မျိုးဖြစ်သော်လည်း ဧရိယာဧကကြီးမားကျယ်ပြန့်စွာ စိုက်ခင်းတည်ထောင် မည်ဆိုပါက ရေနှင့်မြေဆီလွှာ ထိခိုက် ပျက်စီးနိုင်မှု ရှိ၊ မရှိ နှစ်ရှည်သုတေသနပြု စောင့်ကြည့် လေ့လာရန်လိုအပ်ကြောင်း၊ မြေဆီလွှာအတန်းအစား ကျဆင်းခြင်း၊ မြေအောက်ရေမျက်နှာပြင်လျော့နည်း ကျဆင်းခြင်းများ ရှိ၊ မရှိ အထူးသုတေသနပြု စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စိုက်ခင်း လုပ်ငန်းများကြောင့် ၎င်းတို့ပတ်ဝန်းကျင်မပျက်စီးကြောင်း အပြည့်အဝယုံကြည်မှုရှိစေရန် သက်သေပြနိုင်ဖို့ လိုအပ် ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် ခါတော်မီကဲ့သို့ သစ်မျိုး များနှင့် ဝါးမျိုးများကိုလည်း စိုက်ခင်း တစ်ခုနှင့်တစ်ခုအကြား ကြားခံနယ်နိမိတ်မြေများတွင် ထည့်သွင်း စိုက်ပျိုးရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကြိမ်ဝါး လုပ်ငန်းရှင်များ အသင်းမှ ဒေသရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်ဝင် တန်ဖိုးမြင့် ဝါးမျိုးစိတ်များအား ပြည်ပမှတင်သွင်းစိုက်ပျိုး မည့် အစီအစဉ်ကို လည်းကောင်း၊ ပြည်ပနိုင်ငံများတွင် ဝါးစိုက်ပျိုးခြင်း၊ ကုန်ချော ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ အတွက် နည်းပညာပိုင်းဆိုင်ရာ လေ့လာတွေ့ရှိမှုများကို လည်းကောင်း၊ ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၄ ခုနှစ်အထိ ခြောက်နှစ်တာကာလအတွင်း ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသခံပြည်သူများအား ဦးစားပေး ဆောင်ရွက် စနစ်ဖြင့် ဝါးစိုက်ခင်းဧက ၅ဝဝဝ စိုက်ပျိုး တည်ထောင်ခြင်း၊ ဝါးအခြေခံစက်မှုလုပ်ငန်းများ တည်ထောင်ခြင်း၊ ထုတ်ကုန်များ အတွက် ဈေးကွက်ရှာဖွေ ခြင်း၊ အခြေခံအဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှုများ အတွက် ကူညီပံ့ပိုးမှုများရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်း စသည့်အစီအစဉ်များပါဝင်သော Integrated Bamboo Industrial Zone တည်ထောင်မည့် အစီအစဉ် ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ဝါးစိုက်ပျိုးခြင်းကို တိုးမြှင့်ဆောင်ရွက်ရန် ဝန်ကြီးဌာနမှ လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားဖြစ်ဝါးအခြေခံစက်မှု လုပ်ငန်းများကုန်ကြမ်းရရှိမှုသေချာစေရေး၊ ဈေးကွက်ခိုင်မာ စေရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သတင်းအချက် အလက်များ မျှဝေခြင်းတို့အတွက် စိုက်ပျိုးသူများ၊ ကုန်ထုတ် လုပ်ငန်းဆောင်ရွက်သူများ၊ ဈေးကွက် ရှာဖွေတင်ပို့ရောင်းချသူများ စသည့် Stakeholders များ အားလုံး တစုတစည်းတည်း ဖြစ်စေရန်အတွက် Conceptual Plan ခိုင်မာစွာရှိရန် လိုအပ်ကြောင်း၊ စိုက်ခင်းတည်ထောင်ခြင်းအပါအဝင် လုပ်ငန်း မတည်ရင်းနှီး ငွေများအတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေရရှိရေး အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအသွင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်