နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ် နှင့် ရိုးရာယဉ်ကျေးမှု ပြခန်းများအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ အောက်တိုဘာ ၂၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ချင်းပြည်နယ် ကန်ပက် လက်မြို့နယ်ရှိ နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်နှင့် ရိုးရာယဉ်ကျေးမှု ပြခန်းများအား သွားရောက်ကြည့်ရှုပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖ များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ နံနက် ၈ နာရီ ၂၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ညောင်ဦးလေ ဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ချင်းပြည် နယ် ကန်ပက်လက်မြို့သို့ရောက်ရှိကြရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်း၊ ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ကန်ပက်လက်မြို့ အမှတ် (၂) ရပ်ကွက်၌ ခင်းကျင်းပြသထားသည့် ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်အတွင်းရှိ ရာ့၊ ဒိုင်၊ ဒါးရင်ဒူး၊ အု(ပ်)ပူးနှင့် မွင်း မျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု ပြခန်းများကို လေ့လာကြည့်ရှုကြရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ချင်းပြည်နယ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ငိုင်းဟောက်ညောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသ ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်ဖြင့် နတ်မတောင် (ခေါ်နူးစုမ်) တောင်သို့ ရောက်ရှိပြီး ဇိနမာန်အောင် ဆုတောင်း ပြည့်စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသား ဥယျာဉ်အတွင်းရှိ ဇီဝမျိုးစုံ မျိုးကွဲ အပင်မျိုးစိတ်များနှင့် စပ်လျဉ်း၍ လေ့လာကြည့်ရှုပြီး အသေးစိတ် မေးမြန်းဆွေးနွေးရာ သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်မူမူအောင်က ရှင်းလင်းပြသသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် နတ်မတောင် (ခေါနူးစုမ်) အမျိုးသားဥယျာဉ် ယာယီရှင်းလင်း ဆောင်သို့ရောက်ရှိကြရာ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်မူမူအောင်တို့က နတ်မတောင် အမျိုးသားဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ နတ်မတောင် အမျိုးသားဥယျာဉ်၏ သစ်တောဖုံးလွှမ်း မှုများ၊ ဇုန်နယ်မြေအလိုက် စီမံအုပ်ချုပ်မှုများ၊ မျက်ခုံးဖြူ ငှက်ပြာခြောက် ကျက်စားရှင်သန်နေ ထိုင်မှု၊ သဘာဝနယ်မြေအတွင်း ဒေသခံပြည်သူများအတွက် ဆိုင်ရာဆိုင်ခွင့် ယာမြေလုပ်ကိုင်ခွင့် ပြုထားမှု အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေတည်ရှိမှုများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သိရှိလိုသည်များကို မေးမြန်းသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။

အဆိုပါ နတ်မတောင် (ခေါနှုးစုမ်) အမျိုးသားဥယျာဉ်သည် ချင်းပြည်နယ် မင်းတပ်၊ မတူပီနှင့် ကန်ပက် လက် မြို့နယ်များ အတွင်းတည်ရှိပြီး အမြင့်ပေ ၁၀၅၀၀ ရှိကာ စုစုပေါင်းဧရိယာ အကျယ်အဝန်း ၁၇၆၂၀၂ ဧက (၂၇၅ ဒသမ ၃၅ စတုရန်းမိုင်) ရှိသည်။

နတ်မတောင် (ခေါနူးစုမ်) တောင်သည် ချင်းပြည်နယ်တွင် အမြင့်ဆုံးတောင်မကြီး တစ်ခုဖြစ်ပြီး ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ အရေးပါသည့် နယ်မြေတစ်ခုလည်းဖြစ်သည်။

ဧရာဝတီမြစ်၏ စီးဝင်မြစ်လက်တက်များ မြစ်ဖျားခံရာ ရေဝေရေလဲတောင်ကြောများ တည်ရှိခြင်း၊ သစ်တောဂေဟစနစ်နှင့် တောင်ပေါ်ဂေဟစနစ်တို့အရ ထူးခြားအရေးပါသည့် မြေသားဖွဲ့စည်းမှု တောင်တစ်ခုဖြစ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မျိုးတုန်း ပျောက်ကွယ်လုနီးပါးဖြစ်သည့် မျက်ခုံးဖြူငှက်ပြာ ခြောက် ကျက်စားရာ မူလနေရင်းဒေသဖြစ်ခြင်းတို့ကြောင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးအတွက် လွန်စွာအရေးပါသည့် နေရာဒေသ တစ်ခုဖြစ်ကြောင်း သိရပြီး ပရဆေးပင် (၇၁) ပင်နှင့် သစ်ခွမျိုးစိတ် (၉၁) မျိုးပေါက်ရောက်ကြောင်း၊ အလားတူ နို့တိုက်သတ္တဝါ (၃၅) မျိုး၊ တောင်ပေါ်ငှက်မျိုးပေါင်း (၃၄၅) မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ (၁၀၅) မျိုး၊ လိပ်ပြာ (၉၉) မျိုးနှင့် အခွံမာပိုးကောင် (၃၅) မျိုးတို့ကို တွေ့ရှိရပြီး Endemic (၂) မျိုးတို့ကို မှတ်တမ်းတင်ထားကြောင်း သိရသည်။

နတ်မတောင် (ခေါနူးစုမ်) တောင်ကို ၁၉၃၆ ခုနှစ် သစ်တောနည်း ဥပဒေ ၁၉ အရ မိုဃ်းကြိုးဝိုင်း အမည်ဖြင့် သဘာ၀ သစ်တောများကို ထိန်းသိမ်းထားရန်နှင့် ဒေသခံပြည်သူများ မိရိုးဖလာ ထုတ်ယူ သုံးစွဲခွင့်ပြုရန် သတ်မှတ်ခဲ့ပြီး ၁၉၃၆ ခုနှစ် တောရိုင်း တိရိစ္ဆာန် ကာကွယ်ရေး အက်ဥပဒေအရပါ သတ်မှတ်ကာကွယ်ခဲ့ကြောင်း သိရသည်။

၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၀/၉၇) ဖြင့် အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရေး ရည်ရွယ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၆၄/ ၂၀၁၀) ဖြင့် အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းကြောင်း ကြေညာ ခဲ့သည်။

နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်ကို တောင်ပေါ်ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ ထိန်းသိမ်း ကာကွယ်ရန်၊ နိုင်ငံတော်၏ အရေးပါသည့် ရေဝေရေလဲဒေသတစ်ခုကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ အမျိုးသားဥယျာဉ် တည်ထောင်ခြင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်လာရန်နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးတက် ရရှိလာရန် ရည်ရွယ်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်ကို အာဆီယံ ဒေသတွင်း နိုင်ငံအလိုက်ရှိ သဘာဝထိန်းသိမ်းရေး နယ်မြေများကို ကမ္ဘာ့အဆင့်မီ ဆောင်ရွက်နိုင်ရေး ပထမ အဆင့်အနေဖြင့် အာဆီယံအဆင့် သဘာဝအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ရန် ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် တွင်အာဆီယံပတ်ဝန်းကျင် ဝန်ကြီးများ အစည်းအဝေးက အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အာဆီယံ အမွေအနှစ်ဥယျာဉ် ၆ ခု အတည်ပြု သတ်မှတ်ခဲ့ကြောင်း၊ နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်ကို ၂၀၁၀ ခုနှစ် တွင် သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် အဆိုပြုတင်ပြခဲ့ရာ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ (၇) ခုမြောက် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ယူနစ်စကိုအဖွဲ့ကြီး၏ ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်းသဘောတူညီချက်အရ ကမ္ဘာ့ သဘာ၀ အမွေအနှစ် နယ်မြေ၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နယ်မြေနှင့် ရောနှောပါဝင်နေသည့် အမွေအနှစ်နယ်မြေတို့ကို သတ်မှတ်လျက် ရှိပါကြောင်း၊ နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသား ဥယျာဉ်ကို ၂၀၁၄ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း ဌာနချုပ်သို့ သဘာ၀ အမွေအနှစ်နယ်မြေအဖြစ် လျာထားစာရင်းသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကောင်းကင်နန်းတော် ဟိုတယ် ခေါ်နူးစုမ်ခန်းမ၌ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိ မြို့ဖများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်လျန်လွယ်က ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြို့မိမြို့ဖ ဦးမြမောင်းနှင့် ဦးစိုးမြင့်တို့က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်း၊ တံတား ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ကျောင်းများ၊ ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ဆေးရုံများတွင် ပစ္စည်းကိရိယာများ ထောက်ပံ့ဖြည့်ဆည်းမှု၊ လျှပ်စစ်ဓာတ်အားရရှိရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဦးစားပေး ဆောင်ရွက်ပေး လျက် ရှိသည့် အခြေအနေများ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် အကောင်အထည်ဖော်ရေး အစီအစဉ် (MSDP) ချမှတ်ဆောင် ရွက်မှုများနှင့် Project Bank တွင် စိစစ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျင်ဒွေးရွာကို မြို့အဆင့်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသဖြင့် မကြာမီ မြှင့်တင်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း စိတ်ဝမ်းမကွဲဘဲ ချင်းပြည်နယ်သူ ပြည်နယ်သားများ အားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ရှှိကြရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး အလိုက် စဉ်တိုက်ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် ချင်းပြည်နယ်ကို တောင်ပိုင်းနှင့် မြောက်ပိုင်း မခွဲခြားဘဲ ညီညီညွတ်ညွတ်ရှိကြရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း အလားအလာကောင်းမွန်သည့် နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်ကို ပြည်နယ်သူ ပြည်နယ်သားများက အမြတ်တနိုး တန်ဖိုးထား၍ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် တပ်မတော် ရဟတ်ယာဉ် များဖြင့် ချင်းပြည်နယ် ကန်ပက်လက်မြို့မှ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာလာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။ (သတင်းစဉ်)