အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၁

အမျိုးသား မြေအသုံးချမှုကောင်စီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသား မြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဒုတိယရှေ့နေချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ က ယနေ့ကျင်းပသည့် အစည်းအဝေးသည် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်

ဆောင်ရွက်ရေးနှင့် မြေအသုံးချမှု မူဝါဒဆိုင်ရာဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးရည်ရွယ်ချက် များဖြင့် ဖွဲ့စည်းခဲ့သည့် အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း။

အဆိုပြုတင်ပြရန် ဆုံးဖြတ်ခဲ့

ပထမအကြိမ် အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၆ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့၏ မြေအသုံးချမှုကော်မတီများ၊ အမျိုးသားမြေဥပဒေရေးဆွဲ ပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ မြေ အသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီစသည့် အထောက်အကူပြုလုပ်ငန်း ကော်မတီများနှင့် မြေအသုံးချမှုနှင့်စီမံခန့်ခွဲရေးဆိုင်ရာအမျိုးသားအကြံပေးအဖွဲ့ဖွဲ့စည်းရန်၊ ကော်မတီအဖွဲ့ဝင် အရေအတွက်နှင့် ကိုယ်စားပြုအဖွဲ့အစည်းများ၊ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့မှ အဆိုပြုတင်ပြရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း။

ထို့ကြောင့် ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့အနေဖြင့် ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ မိမိတို့၏အဆိုပြုချက်များကို ရှင်းလင်းတင်ပြကြရမည်ဖြစ်ပါကြောင်း။

ကျင်းပခဲ့

ထို့အတူ အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပရန် ပထမအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ပါကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်နှင့်အညီ အမျိုးသားမြေအသုံးချမှုကောင်စီ၏လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်နှင့် အမျိုးသားမြေအသုံးချမှုမူဝါဒကို အခြေခံ၍ အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် မြေအရင်းအမြစ်များ စီမံခန့်ခွဲရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန် ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၃ ရက်အထိ အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ တွင် ကျင်းပခဲ့ပါကြောင်း။

အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ကို အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြင်ပပညာရှင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ပါဝင်သည့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် တောင်သူလယ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ ပါဝင်တက်ရောက်ခဲ့သည့်အတွက် မြေနှင့်ဆက်စပ်သည့် အကျိုးသက်ဆိုင်သူများ စုပေါင်းပါဝင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ပီပြင်ခိုင်မာစွာ ဆောင်ရွက်ကြရမည်

အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်မှ ဖော်ထုတ် ရရှိသည့် ရလဒ်များကိုအခြေခံ၍ အနာဂတ်မြန်မာနိုင်ငံတွင် စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရေးနှင့် အမျိုးသားမြေဥပဒေရေးဆွဲ နိုင်ရေးတို့အတွက် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကို အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် အညီ ပီပြင်ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများသည် စုစုပေါင်းလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းခန့်ရှိပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအပေါ် မှီခိုနေကြပါကြောင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကိုရေးဆွဲခဲ့ပြီး မဟာဗျူဟာ၏ မျှော်မှန်းချက်မှာ ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာနှင့် အာဟာရဓာတ်ပြည့်ဝဖူလုံပြီး အထွက်နှုန်းမြင့်မားကာ ရာသီဥတုဒဏ်ခံနိုင်စွမ်းရှိသည့် စိုက်ပျိုးရေးကဏ္ဍမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကို ယှဉ်ပြိုင်နိုင်မည့် ကျေးလက်နေလုပ်ကွက်ငယ်တောင်သူ လယ်သမားများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေး ဖြစ်ပါကြောင်း။

ထို့ကြောင့် လယ်ယာမြေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု အားကောင်းလာစေပြီး လုပ်ကွက် ငယ်တောင်သူများနှင့် မြေယာမဲ့ပြည်သူများ၏ မြေအသုံး ချမှုနှင့် လုပ်ပိုင်ခွင့်ခိုင်မာမှုကိစ္စရပ်သည်လည်း ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့်အတွက် စိုက်ပျိုးရေး မူဝါဒနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာမှာ ပင်မ လုပ်ငန်းစဉ်များ ချမှတ်၍ မဟာဗျူဟာကျကျ ဆောင်ရွက် သွားရန် လျာထားပြီးဖြစ်ပါကြောင်း၊ ပင်မလုပ်ငန်းစဉ်များ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား မြေအသုံးချမှုကောင်စီ၏ အထောက်အကူပြုလုပ်ငန်း ကော်မတီတစ်ခုဖြစ်သည့် စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။

ဦးစားပေးလုပ်ငန်းစဉ် (၄)ရပ်

အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကောင်းမွန်သည့် မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမှု ကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ် (၄)ရပ်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

အဆိုပါလုပ်ငန်းစဉ်(၄)ရပ်မှာ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၏ မြေအသုံးချမှုကော်မတီများ၊ မြေအသုံးချမှုနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ အမျိုးသားနည်းပညာအကြံပေးအဖွဲ့နှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း အပါအဝင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဖွဲ့စည်းမှု ဆိုင်ရာခိုင်မာစေခြင်း၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး နှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်စေခြင်း၊ အမျိုးသားမြေအသုံးချမှုစီမံကိန်းများနှင့် မြေအသုံးချမှုဇုန် များ ရေးဆွဲသတ်မှတ်ခြင်းနှင့် မြေသတင်းအချက်အလက် စီမံခန့်ခွဲသည့်စနစ်တည်ထောင်ခြင်းတို့ ဖြစ်ပါကြောင်း။

အဆိုပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာ တွင်လည်း အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်၊ အခြေခံမူများနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ဆွေးနွေးကြရန်လိုအပ်

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များနှင့် နေပြည်တော်ကောင်စီတို့မှ ပထမအကြိမ်အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှုများကို တင်ပြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် ဆွေးနွေးကြရန်လိုအပ်ပါကြောင်း။

အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန် များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အခန်းကဏ္ဍများအလိုက်၊ နေရာဒေသများအလိုက် ကျရာနေရာမှ ပါဝင်ပြီး ကြိုးပမ်းထမ်းဆောင်ကြရန် ပြောကြားလိုပါ ကြောင်း။

အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် မြေသယံ ဇာတများကိုစနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အစဉ်အမြဲ သုံးသပ်၍ အဆိုပါလုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင် များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း နှင့် ရှေ့ဆက်ဆောင်ရွက်ကြရမည့်လုပ်ငန်းများကို ပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပထမ အကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံ များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းတင်ပြချက် များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ် ၂-၁၁-၂၀၁၈