ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လမ်းညွှန်ချက် များအပေါ် အပြီးသတ် ညှိနှိုင်းတိုင်ပင်မှုအလုပ်ရုံဆွေးနွေးပွဲတက်ရောက်

နေပြည်တော် နိုဝင်ဘာလ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asia Develop-ment Bank – ADB) တို့အကြား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် နည်းပညာအကူအညီပေးရေး သဘောတူစာချုပ်အရ ပတ်ဝန်းကျင်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှု မြှင့်တင်ခြင်းစီမံကိန်း (TA 8786- MYA: Environmental Safeguard Institutional Strengthening Project) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းအရ သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလမ်းညွှန်ချက် (မူကြမ်း)များကို ရေးဆွဲခဲ့ပြီးအပြီးသတ် ညှိနှိုင်းတိုင်ပင်မှု ဆွေးနွေးပွဲအား (၅-၁၁-၂၀၁၈) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲမိန့်ခွန်းပြောကြားရာတွင် သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလမ်းညွှန်ချက်ကို ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏သတ္တုကဏ္ဍအတွက် သတ္တုအရင်းအမြစ်များ ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရန်အတွက် သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလမ်းညွှန်ချက်များကို ရေးဆွဲခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အာရှဖွံ့ဖြိုးရေးဘဏ်၏ နည်းပညာအကူအညီဖြင့် သက်ဆိုင်ရာဌာနများ၊ ပါဝင်ပတ်သက်သူများ ပါဝင်သည့် သတ္တုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၀၁၇ ခုနှစ်အတွင်း ၃ ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ဆွေးနွေးရေးဆွဲခဲ့သည့် လမ်းညွှန် ချက်မူကြမ်းများကို ၂၀၁၈ ခုနှစ် မေလအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆောင်ရွက်သည့် တတိယပုဂ္ဂိုလ်/ အဖွဲ့အစည်းများ၊ သတ္တုကဏ္ဍလုပ်ငန်းရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ ချပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရရှိလာသော သဘောထားမှတ်ချက်များအပေါ် ပြင်ဆင်ဖြည့်စွက်ရေးဆွဲခဲ့ပြီး ယခုဆိုလျှင် တစ်နှစ်နှင့်ဆယ်လခန့်ရှိပြီဖြစ်ကြောင်း၊ ယခုအပြီးသတ်ညှိနှိုင်းတိုင်ပင်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် အဆိုပါလမ်းညွှန်ချက်များ၏ အရေးပါမှုနှင့် အကောင်အထည်ဖော်မှု၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်သူများနှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ အသိပညာမျှဝေမှုတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းလမ်းညွှန်ချက် ရေးဆွဲရေးလုပ်ငန်း အဖွဲ့အဖွဲ့ဝင်များ၊ သတ္တုလုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ( ၁၁၂ ) ဦးခန့် တက်ရောက်ခဲ့ပြီး သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလမ်းညွှန်ချက်များအပေါ် အတည်ပြုနိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်မှုအလုပ်ရုံ ဆွေးနွေးပွဲကို ၅-၁၁-၂၀၁၈ ရက်နေ့နှင့် ၆-၁၁-၂၀၁၈ ရက်နေ့များတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။