ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်(၅) ရှိ United Wood Industries ကုမ္ပဏီမှ အိမ်သုံး ပရိဘောဂများ ထုတ်လုပ်နေမှုတို့အား ကြည့်ရှု့ စစ်ဆေး

နေပြည်တော် ၊ နိုဝင်ဘာ ၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇.၁၁.၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်(၅) အတွင်းရှိ United Wood Industries ကုမ္ပဏီမှ ကျွန်းသစ်နှင့် အောက်ချင်းစာ သစ်မျိုး များအသုံးပြု၍ ပန်းခြံနှင့် အိမ်ပြင်ပတွင် ထားရှိအသုံးပြုသည့် ပရိဘောဂများ (Garden Furniture) နှင့် Finger Joint ဖြင့် အိမ်သုံး ပရိဘောဂများ ထုတ်လုပ်နေမှုတို့အား ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်းလှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူများမှ သစ်လုံးကုန်ကြမ်းခွဲစိတ်ခြင်း၊ ပရိဘောဂဒီဇိုင်း အခြေခံအစိတ် အပိုင်းများအား ကုန်ကြမ်းခွဲသားများပေါ်တွင် ပုံဖော်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ သစ် အခြောက်ခံခြင်း စသည့်လုပ်ငန်းစဉ်များအားလည်းကောင်း၊ သစ်အခြောက်ခံပြီးနောက် ပရိဘောဂ အစိတ်အပိုင်း များ အချောထည်ပြုလုပ်ခြင်း၊ စရွေးတပ်ဆင်ခြင်း၊ စျေးကွက်သို့တင်ပို့ရန်အတွက် ထုတ်ပိုးခြင်း၊ ပရိဘောဂဒီဇိုင်းရေးဆွဲခြင်းများအားလည်းကောင်းအသေးစိတ်လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် သစ်အတိုအစများအသုံးပြု၍  လက်ယှက်ထိုးစရွေးဖြင့် Finger Joint များပြုလုပ်ခြင်း၊ ထိုမှတစ်ဆင့်ပရိဘောဂများ ထုတ်လုပ်နေမှု တို့အားကြည့်ရှု့ စစ်ဆေးခဲ့သည်။

ထို့နောက် စက်ရုံတာဝန်ရှိသူများမှ စက်ရုံရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးအား စက်ရုံရင်းနှီမြှပ်နှံမှု၊ လုပ်ငန်းလည်ပတ်နေမှု၊ ကုန်ကြမ်းရရှိမှု ၊ ပြည်ပစျေးကွက်ရရှိနေမှု၊ စိုက်ခင်းတည်ထောင်ထားရှိမှုနှင့် တွေ့ကြုံနေရသည့်အခက်အခဲများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လက်ရှိအချိန်တွင် သဘာဝတောများမှ သစ်ထုတ်လုပ်မှုကို တတ်နိုင်သမျှလျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင် သစ်အခြေခံစက်မှုလုပ်ငန်းများအနေဖြင့် ကုန်ကြမ်းရရှိရေးအတွက် ကိုယ်ပိုင်စိုက်ခင်းများ တည်ထောင်ထားရှိရန် လိုအပ်ကြောင်း၊ သစ်ကုန်ကြမ်းအပေါ် ရာနှုန်းပြည့်နီးပါး အသုံးချနိုင်သည့်  ပရိဘောအချောထည်ထုတ်လုပ်ခြင်းအပါအဝင် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားပေးလျက်ရှိကြောင်း၊ ဥရောပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက်လည်း မြန်မာ့သစ်တောထောက်ခံချက်ပြုလုပ်ပေးကော်မတီ (Myanmar Forest Certification Committee) နှင့်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပရိဘောဂအချောထည်များ ထုတ်လုပ်မည့် သစ်လုံးကုန်ကြမ်းအပေါ် အထူးကုန်စည်ခွန်ကောက်ခံမှုနှင့် စပ်လျည်း၍  ဝန်ကြီးဌာနမူဝါဒများနှင့်အညီဆောင်ရွက်ပါက လုပ်ငန်းရှင်များကြုံတွေ့နေရသည့် အခက်အခဲများကို အမြန်ဆုံးဖြေရှင်းပေးနိုင်ရေးဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဆွေးနွေးမှာ ကြားခဲ့သည်။ (သတင်းစဉ်)