ပိုလန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၄)ကြိမ်မြောက် ညီလာခံ ဖွင့်ပွဲအခမ်းအနားနှင့်ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်

နေပြည်တော် ဒီဇင်ဘာလ ၈ ရက်

သယံဇာတနှင့် သဘာဝပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပိုလန်နိုင်ငံ၊ ကာတိုဗီဆာမြို့၊  International Conventions Center  (Międzynarodowe Centrum Kongresowe) ၌ ကျင်းပပြုလုပ်သည့်  ကုလသမဂ္ဂ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၄)ကြိမ် မြောက်ညီလာခံ [Conference of the Parties to the United Nations Framework Convention on Climate Change (COP 24) Plenary Session အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များတက်ရောက်ကြပြီး ပိုလန်နိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနမှ၊ ဒုတိယဝန်ကြီး Secretary of State at Ministry of Energy Mr. Michał Kurtyka  မှ  သဘာပတိအဖြစ်  ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် ဒီဇင်ဘာလ(၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၁၃)ရက်ကြာ ကျင်းပပြု လုပ်မည့်  ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၄)ကြိမ် မြောက်ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများဖြစ်ကြသည့် ကျိုတိုနောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ (၁၄)ကြိမ်မြောက်ညီလာခံ၊ ပါရီသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံများ ဆိုင်ရာ (၃)အကြိမ်မြောက်ညီလာခံ အစည်းအဝေးပွဲများတွင် ဆွေးနွေးမည့်အချက်များအား သဘောတူဆုံးဖြတ်ခဲ့ကြသည်။

ဖော်ပြပါညီလာခံ အစည်းအဝေးများအား ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ပါရီသဘောတူညီချက်ပါရည်မှန်းချက်ဖြစ်သည့် ကမ္ဘာ့ရာသီဥတုအပူချိန်အား စက်မှုအကြိုကာလ ရှိအပူချိန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ် မကျော်အောင်လျော့ချရန် အကောင်အထည်ဖော်ဆောင် ရွက်ရမည့် လုပ်ငန်းအစီအစဉ်များချမှတ်ရန်၊ ရာသီဥတုပြောင်းလဲမှုလျှော့နည်းသက်သာစေရေး၊ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေရှိစေရေး၊ ရာသီဥတုပြောင်းလဲမှုအား လျှင်မြန်စွာ ပြန်လည်တုံပြန်နိုင်ရေးတို့အတွက် မိမိတို့၏အတွေ့အကြုံများအား ကမ္ဘာ့နိုင်ငံများအကြား ပွင့် လင်းမြင်သာစွာဆွေးနွေးတင်ပြနိုင်ရန်နှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမျတ်နိုင် ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရောမမြို့အခြေစိုက်၊ ကမ္ဘာ့တောင်သူ များအဖွဲ့ (World Farmer Organization- WFO) မှ ဖိတ်ကြားသည့် Farmers Driven Climate Change Agenda မိတ်ဆက်ပွဲ ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ(၃)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောမြန်မာကိုယ်စားလှယ် အဖွဲ့သည် ပိုလန်နိုင်ငံအစိုးရမှ အိမ်ရှင်အဖြစ်တာဝန်ယူကျင်းပသည့် ကုလသမဂ္ဂ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ (၂၄)ကြိမ်မြောက်ညီလာခံ ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပိုလန်နိုင်ငံသမ္မတ H.E. Andrzej Duda ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် MR. António Guterres တို့တက်ရောက်၍ အဖွင့်အမှာ စကားများပြောကြားခဲ့သည်။ ဆက်လက်၍ ကမ္ဘာ့ဘဏ်မှ အမှုဆောင်အရာရှိချုပ် Ms. Kristalina Georgieva ၊ ကုလသမဂ္ဂအထွေထွေညီလာခံသဘာပတိ Ms. Miroslav Lajčák ၊ ကာတိုဗီဆာ မြို့တော်ဝန် Mr. Marcin Krupa ၊ ဖီဂျီနိုင်ငံ ဝန်ကြီးချုပ် H.E. Frank Bainimarama (President of COP 23) ၊ ပိုလန်နိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနမှ၊ ဒုတိယဝန်ကြီး Secretary of State at Ministry of Energy Mr. Michał Kurtyka (President of COP 24) ၊ ပိုလန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး H.E. Henryk Kowalczyk တို့မှလည်း ဖွင့်ပွဲ အခမ်းအနားအတွက် အမှာစကားများပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် (၂၄)ကြိမ်မြောက်ညီလာခံ သို့တက်ရောက်လာသည့် နိုင်ငံ အကြီးအကဲများမှ ပါရီသဘောတူညီချက် အကောက်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအစီအစဉ်များချမှတ်ရန်၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ လိုက်လျောညီထွေရှိစေ ရေး၊ ရာသီဥတုပြောင်းလဲဒဏ်အားလျှင်မြန်စွာတုံပြန်နိုင်ရေးတို့အတွက် ၄င်းတို့ နိုင်ငံများမှ ဆောင်ရွက်မည့် အစီအစဉ်များနှင့် ချမှတ်ဆောင်ရွက်မည့် မူဝါဒများနှင့်စပ်လျဉ်း၍ ညီလာခံ သို့တင်ပြခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပိုလန်နိုင်ငံ သမ္မတ His Excellency Mr. Andrzej Duda မှ COP 24 ညီလာခံသို့တက်ရောက်လာကြသော နိုင်ငံအဆင့် အကြီးအကဲ များနှင့် ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသော ညစာစားပွဲအခမ်းအနားသို့တက်ရောက် ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းတွင် ကာတိုဗီဆာ မြို့၊ International Conventions Center တွင်ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများတက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် ကိုရီယားသမ္မတနိုင်ငံ၊ National Institute of Forest Science, Korea Forest Service (KFS) တို့ပူးပေါင်း ကျင်းပသည့် Implementation of National REDD+ ဆွေးနွေးပွဲအခမ်းအနားသို့ တက် ရောက် အမှာစကားပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ရာသီဥတုပြောင်းလဲမှုလျော့နည်းသက်သာစေရေးအတွက် ဖန်လုံ အိမ်ဓါတ်ငွေ့များထုတ်လုပ်မှုလျှော့ချရာတွင် သစ်တောကဏ္ဍမှဆောင်ရွက်နိုင်သည့် သစ်တော များပြန်လည်ထူထောင်ရေးနှင့်ထိန်းသိမ်းကာကွယ်ရေး၊ သစ်တောများမှကာဗွန်ထုတ်လွှတ်မှု လျော့ချရေးတို့နှင့်အတူ သစ်တောများအပေါ်မှီခိုနေသော ဒေသခံပြည်သူများအတွက် စားဝတ် နေရေးနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရေးတို့ပါ ပါဝင်သည့်နည်းလမ်းများ၊ လုပ်ငန်းအတွေ့အကြုံများ၊ ရန်ပုံငွေရရှိနိုင်မည့်နည်းလမ်းများအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် COP 24 Korea Pavilion ဧည့်ခန်းတွင် ပိုလန်နိုင်ငံဆိုင်ရာ ကိုရီးယာသံအမတ်ကြီး Excellency Mr. Yeonchul Yoo၊ Korea National Institute of Forest Science မှ ဥက္ကဌဖြစ်သူ Dr. Lee Chanjae တို့နှင့်တွေ့ဆုံ၍ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံကြား သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လမ်းညွှန်စာအုပ်များထုတ်ဝေနိုင်ရေး၊ မြန်မာနိုင်ငံ တွင်တည်ထောင်ထားသည့် အာဆီယံ ကိုရီးယားသစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ဒေသ အဆင့် သင်တန်းကျောင်းဆိုင်ရာကိစ္စရပ်များအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကာတိုဗီဆာ မြို့၊ International Conventions Center တွင်ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေရှိစေရေး၊ လျော့နည်းသက်သာစေရေးလုပ်ငန်းစဉ်များတွင် ရန်ပုံငွေထည့်ဝင်မှု နှင့် ခွဲဝေသုံးစွဲမှုဆိုင်ရာ ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးပွဲများတွင်  ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေရှိစေရေးနှင့် လျော့နည်းသက်သာစေရေးလုပ်ငန်းစဉ်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ဆောင်ရွက်နိုင်ရေး လိုအပ်သော လုပ်ငန်းရန်ပုံငွေများနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ကတိကဝတ်ပြု ထည့်ဝင် ထားသည့် ရန်ပုံငွေပမာဏ၊ အဆိုပါရန်ပုံငွေများအား ခွဲဝေရာတွင် ကြီးကြပ်ဆောင်ရွက်ပေးသည့် Global Environment Fund (GEF)၊ Green Climate Fund (GCF) နှင့် Adaptation Fund (AF) များအပေါ် ကွန်ဗင်းရှင်းအဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ စီမံကိန်းလုပ်ငန်းရန်ပုံငွေ တင်ပြတောင်းခံမှု၊ ထိရောက်စွာသုံးစွဲနိုင်မှုများနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ အပါအဝင်  ပွင့်လင်းမြင်သာမှုနှင့် အဖွဲ့အစည်းပေါင်းစုံ အလွှာပေါင်းစုံတို့မှ ပါဝင်ခွင့်ရရှိရေးတို့ အတွက် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေရှိစေရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့နည်းသက်သာစေရေးတို့အတွက် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဏအပြင် စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ရေသယံဇာတများသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ ကာဗွန် ထုတ်လွှတ်မှုလျော့နည်းသက်သာစေမည့် တီထွင်ဆန်းသစ်သည့် နည်းပညာများ (Climate Friendly Innovative Technology) အတွက် အစိုးရမဟုတ်သော စီးပွားရေး အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍနှင့် လေထုထဲရှိ  ဖန်လုံအိမ်ဓါတ်ငွေ့ပမာဏလျော့ချရေးအတွက် သစ်တောများ၏အခန်းကဏ္ဍဖြစ်သည့် Reduced Emission from Deforestation and Forest Degradation (REDD+) တို့ကို အလေးပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ (၂၄)ကြိမ်မြောက် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများညီလာခံကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ လ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။