သစ်တောသုတေသနဌာန နှစ်(၄၀)ပြည့်နှင့် နှစ်ပတ်လည် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၉

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေ သနဌာန နှစ်(၄၀)ပြည့်နှင့် နှစ်ပတ်လည် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သစ်တောသုတေသနဌာန ရေဆင်း စုဝေးခန်းမ နေပြည်တော်တွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောသုတေသနဌာနကို ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာ(၂)ရက်၌ ပျဉ်းမနားမြို့နယ် ရေဆင်းတွင် စတင်တည်ထောင်ခဲ့ပြီး သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း(၄၀)ပြည့်ခဲ့ပြီး ပတ္တမြားရတုတိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သုတေသနတွေ့ရှိချက်များကို တင်ပြနိုင်ရန် စာတမ်းဖတ်ပွဲများကို ကျင်းပလာခဲ့သည်မှာ (၃၀)ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း။

နှစ်(၄၀)ကာလအတွင်း မြန်မာ့သစ်တောမူဝါဒ၏ ပဓာနလုပ်ငန်းစဉ်များအောင်မြင်စေရန် သုတေသနပြု ဆောင်ရွက်ခြင်းနှင့်အတူ သစ်တောသုတေသနဌာန၏ အခြေခံမူများဖြစ်သည့် သဘာဝတောများ ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး၊ သစ်များကို စနစ်တကျ အသုံးချရေး၊ သစ်မှအပ အခြားသစ်တောထွက် ပစ္စည်းများ စနစ်တကျ အသုံးချရေးနှင့် လောင်စာစွမ်းအင်ကို ထိရောက်စွာ အသုံးချရေးတို့ကို အဓိကဦးစားပေး ဆောင်ရွက်စေခဲ့ပါကြောင်း၊ ခေတ်စနစ်အရ လိုအပ်လာသည့် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ၊ ဇီဝနည်းပညာ၊ ရေအရည်အသွေးနှင့် လူမှုသစ်တောဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ခဲ့ပါကြောင်း။

လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်မည့် သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ယခုနှစ်ပိုင်းများအတွင်း သစ်စေ့သိုလှောင်ခန်း၊ ဇီဝနည်းပညာဓာတ်ခွဲခန်း၊ တစ်သျှူးဓာတ်ခွဲခန်း၊ ဇီဝမျိုးစုံမျိုးကွဲ ဓာတ်ခွဲခန်းနှင့် ရေဓာတ်ခွဲခန်း အသစ်တည်ဆောက်ခြင်း၊ အကြီးစားပြုပြင်မွမ်းမံခြင်း၊ ခေတ်မီဓာတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းများကို မိမိတို့ဌာနရန်ပုံငွေအပြင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏အကူအညီနှင့်ပါ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံအဝှမ်း ရေ၊ မြေ၊ ရာသီဥတုကွဲပြားသည့် ဒေသအသီးသီးတွင် တည်ထောင်ထားရှိသည့် သစ်တောသုတေသနစခန်း(၁၀)ခုအား ပြုပြင်မွမ်းမံပေးနိုင်ခဲ့ပါကြောင်း။

တိုးတက်လာသည့် နည်းပညာများနှင့်အတူ သစ်၊ ဝါးနှင့် ကြိမ်၊ သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများကို ခေတ်မီသည့် နည်းပညာများအသုံးပြုပြီး ထိရောက်စွာအသုံးပြုနိုင်ရန် သစ်အခြေခံစက်မှုလုပ်ငန်းအတွက် အထောက်အပံ့ဖြစ်စေမည့် အသုံးချသုတေသနရလဒ်များ ရရှိစေရန် တီထွင်ကြံဆ ကြိုးပမ်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။

သုတေသနရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံပြုနိုင်ပြီး စီးပွားရေးအကျိုးရလဒ်များ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဥပမာအားဖြင့် အပင်မျိုးစိတ်သစ်များ ရှာဖွေတွေ့ရှိစေရန်၊ အပင်မျိုးစိတ်များနှင့် ပါဝင်သည့် ဓာတုဒြပ်ပေါင်းများ စမ်းသပ်ဖော်ထုတ်ပြီး ဆေးဝါးထုတ်လုပ်ခြင်း၊ အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အစားအစာထုတ်လုပ်ခြင်း၊ အဖိုးတန်သည့် စက်မှုကုန်ကြမ်း ပစ္စည်းများထုတ်လုပ်ခြင်း၊ တစ်သျှူးနည်းပညာဖြင့် ပျိုးပင်များထုတ်လုပ်ခြင်း၊ သစ်အခြေခံ စက်မှုလုပ်ငန်းအတွက် သစ်အသုံးချမှု နည်းပညာများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ဖြန့်ဝေခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်သည့် သုတေသနလုပ်ငန်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ရန်အားပေးတိုက်တွန်းလိုပါကြောင်း။

ယနေ့ကျင်းပမည့် သုတေသနစာတမ်းဖတ်ပွဲတွင် သစ်တောပညာရပ်များအလိုက် စာတမ်းစုစုပေါင်း (၂၂)စောင်ကို ဖတ်ကြားတင်သွင်းမည်ဖြစ်ပါကြောင်း၊ တင်ပြမည့်စာတမ်းများသည် ပညာရပ်နယ်ပယ် စုံလင်လှပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် စာတမ်းများဖြစ်ပါကြောင်း။

မိမိနိုင်ငံအတွင်း စာတမ်းဖတ်ကြားခြင်း၊ ပုံနှိပ်ဖြန့်ဝေခြင်းဖြင့်သာ ကျေနပ်ရောင့်ရဲမနေကြဘဲ နိုင်ငံတကာ သစ်တောသုတေသန ဂျာနယ်များတွင် မိမိတို့၏ သုတေသနတွေ့ရှိချက်များကို အဆင့်မှီမှီထည့်သွင်း ဖော်ပြခွင့်ရရှိရေး၊ မိမိတို့အမည်ကို first author အဖြစ်နှင့် ထုတ်ဝေနိုင်ရေး၊ အပင်အမျိုးမျိုးနှင့် ငါး၊ အင်းဆက်၊ ပိုးမွှား စသည့်တိရစ္ဆာန် မျိုးစိတ်အသစ်များ ဖော်ထုတ်ရေးအတွက်လည်း ရည်မှန်းချက်ထား ကြိုးပမ်းရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစားသစ်တော အရာရှိကြီးများ၊ သစ်တောပညာရှင်များ၊ အငြိမ်းစား ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာတမ်းရှင်များနှင့် သုတေသီများ အားလုံးတက်ရောက်ကြသည်။ (သတင်းစဉ်)