ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာရှ-ပစိဖိတ်ဒေသ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ၏ တတိယအကြိမ်မြောက် ညီလာခံသို့ တက်ရောက်သည့်သတင်း

နေပြည်တော် ဇန်နဝါရီ ၂၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော အာရှ-ပစိဖိတ်ဒေသ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၏ တတိယအကြိမ်မြောက်ညီလာခံသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း (၄၁) နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများနှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၁၁၇)ဦး ခန့် တက်ရောက်ခဲ့သည်။

အဆိုပါ (၂)ရက်တာ ကျင်းပခဲ့သော အစည်းအဝေးတွင် အာရှ-ပစိဖိတ်ဒေသ ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်မှု အခြေအနေနှင့်ပတ်သက်၍ သုံးသပ်ခြင်း၊ ဒေသတွင်း ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးမှုတို့အတွက် ဆန်းသစ်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေး မူဝါဒပိုင်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခြင်း၊ ဒေသအတွင်း ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စများသတ်မှတ်ခြင်းနှင့် ပြဿနာများ အဖြေရှာမှုအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ဆွေးနွေးခြင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ ရောက်ရှိစေရန် ဒေသတွင်း ရင်ဆိုင်လျက်ရှိသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခြင်းနှင့် နိုင်ငံတကာ ကတိကဝတ်များတွင် ပါဝင်ဆောင်ရွက်မှု စသည့်အချက်များကို အဓိကထား၍ ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်၊ အစားအစာ၊ စွမ်းအင်နှင့် ရေလုံလောက်စွာ ရရှိနိုင်မှု စသည့်ကိစ္စရပ်များ၌ စွမ်းဆောင်ရည်မြင့်မားရန် ဆောင်ရွက်ရမည့်ကိစ္စများ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ ကမ္ဘာ့ပတ်ဝန်းကျင်ကိစ္စရပ် များဆိုင်ရာ ဒုတိယဝန်ကြီးနှင့် ၂၄.၁.၂၀၁၉ ရက်နေ့ နံနက်ပိုင်း၌ တွေ့ဆုံ၍ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စွန့်ပစ်ပစ္စည်းများ နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် လေထု၊ မြေထု၊ ရေထု ညစ်ညမ်းမှုများ လျှော့ချရေးကိစ္စရပ်များ၊ စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် မူဝါဒ၊ ဥပဒေ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်ဆိုင်ရာ ကိစ္စရပ်များ၊ ဂျပန်-မြန်မာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး သီတင်းပတ်အထိမ်းအမှတ်ပွဲ ကျင်းပမှုနှင့် ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက် ပူးပေါင်းကူညီဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ စင်္ကာပူနိုင်ငံ ပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ဆိုင်ရာ ဝန်ကြီးဌာန၊ ဝန်ကြီး နှင့် ၂၄.၁.၂၀၁၉ ရက်နေ့ နေ့လည်ပိုင်း၌ တွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ၊ စားနပ်ရိက္ခာဖူလုံမှု၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး ဆောင်ရွက်မှုများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ ပြည့်မီစေရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ ပူးပေါင်းကူညီမှု အစီအစဉ်များနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး ခဲ့ကြပါသည်။

ဝန်ကြီးအဆင့်ညီလာခံကို (၂၅-၁-၂၀၁၉) ရက်နေ့တွင်ကျင်းပရာ ၂၀၁၉ ခုနှစ် မတ်လအတွင်း ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင်ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာညီလာခံတွင် ဆုံးဖြတ်ချမှတ်မည့် ဝန်ကြီးများ၏ ကြေညာ စာတမ်းကို အတည်ပြုခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။