ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ အမှာစကား ပြောကြား

တောင်ကြီး၊ ဖေဖော်ဝါရီ ၂

ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂.၂.၂၀၁၉ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ညောင်ရွှေမြို့နယ်၊ ဟူပင်ခေါင်တိုင်ဟိုတယ် အင်းလေးကန်၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့၏ ဆောင်ပုဒ်မှာ "Wetlands and Climate Change" "ရာသီဥတုပြောင်းလဲမှု လျော့နည်းရေး ရေဝပ်ဒေသများမှ ကူညီပေး" ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်နှင့် ဆက်စပ်နေသော စားနပ်ရိက္ခာ ထုတ်လုပ်ခြင်း၊ အေးမြခြင်း၊ သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခိုင်နိုင်ခြင်းစသည့် ရေဝပ်ဒေသမှရသော ဂေဟစနစ်ဝန်ဆောင်မှုကို ယခုနှစ်ဆောင်ပုဒ်က ထင်ဟပ်စေပါကြောင်း။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံအဆင့်အခမ်းအနားအဖြစ် ရန်ကုန်၊ နေပြည်တော်နှင့် မိုးယွန်းကြီးအင်းတို့တွင် တစ်လှည့်စီကျင်းပခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် အင်းလေးကန်၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုတစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေဖြစ်သည့် မိုးယွန်းကြီးအင်း၊ အင်းတော်ကြီးကန်နှင့် မိန်းမလှကျွန်းတို့တွင်လည်း ကမ္ဘာ့ရေဝပ်ဒေသများနေ့အခမ်းအနားပြုလုပ်နေကြောင်း၊ ကမ္ဘာ့ရေဝပ် ဒေသများနေ့အခမ်းအနား ကျင်းပရခြင်းမှာ ရေဝပ်ဒေသရှိ ပြည်သူများအပေါ် အကျိုးပြုမှုများကို သိမြင်နိုးကြားလာစေပြီး ဆက်စပ်ပတ်သက်သူများက ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာအသုံးချခြင်း (Wise Use) စသည်တို့တွင် ပူးပေါင်းပါဝင်လာရန် ရည်ရွယ်ပါကြောင်း၊ ရေဝပ်ဒေသများသည် ဇီဝမျိုးစုံ၊ မျိုးကွဲများအတွက်သာမက ရေသယံဇာတနှင့် အရင်းအမြစ်များရရှိခြင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းစသည့် လူ့အဖွဲ့အစည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသော ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း။

ရေဝပ်ဒေသည် စိုက်ပျိုးမြေများအတွက် ရေသိုလှောင်သိမ်းဆည်းပေးပြီး မြေဆီလွှာကို ကောင်းမွန်စေ၍ စွန့်ပစ်ရေများကို သန့်စင်ပေးပြီး ပြန်လည်လည်ပတ်စေပါကြောင်း၊ ပြင်းထန်သည့် ရာသီဥတု ဖြစ်စဉ်များကို သက်သာစေပြီး ရာသီဥတုကို ထိန်းညှိပေးကာ အေးမြစေပါကြောင်း၊ စိုက်ပျိုးရေးကို ထိခိုက်စေသည့် ပိုးမွှားများကို သုတ်သင်ဖယ်ရှားပေးသည့် ငှက်များနှင့် အခြားမျိုးစိတ်များအတွက် ကျက်စားနယ်မြေများကို ပံ့ပိုးပေးပါကြောင်း၊ အမျိုးသား ရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများကိုကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်များတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းခြင်း၊ ပူးပေါင်းပါဝင်လာခြင်း၊ သိမြင်နိုးကြားမှုအား မြှင့်တင် ခြင်း၊ ဒေသနှင့် နိုင်ငံတကာ ရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်း၊ မူဝါဒပဓာန (၆)ချက်နှင့် ရေးဆွဲ၍ အသိပေးလိုပါကြောင်း။

နော်ဝေနိုင်ငံပတ်ဝန်းကျင်ရေးရာအေဂျင်စီနှင့် ပူးပေါင်းပြီး နိုင်ငံအဆင့်ရေဝပ်ဒေသစာရင်း ပြန်လည် ပြင်ဆင်ခြင်း၊ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်နိုင်ရေး မဟာဗျူဟာရေးဆွဲခြင်း၊ မိုးယွန်းကြီး ရမ်ဆာရေဝပ် ဒေသအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေးဆွဲခြင်း၊ ဝန်ထမ်းများအတွက် ရေဝပ်ဒေသထိန်းသိမ်းကာ ကွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထမ်းအမှတ်အခမ်းအနားကို ယခုလို ရှမ်းပြည်နယ်ရှိ အင်းလေးကန်တွင် လာရောက်ကျင်းပပေးသည့်အတွက် ဒေသခံပြည်သူများကိုယ်စား အလွန်ပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရေဝပ်ဒေသဖြစ်သည့် အင်း၊ အိုင်၊ ကန်၊ မြစ်၊ ချောင်း၊ ဆည်နှင့် တမံများ ရေရှည်တည်တံ့ခိုင်မြဲမှသာ ပြည်နယ်အတွက် ဖွံ့ဖြိုး တိုးတက်မှုကို ရရှိစေ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ ဗီဒီယိုပြသကာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်တို့က ဆုချီးမြှင့်ပေးကြပြီး အင်းလေးကန်အား ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံရခြင်း အသိအမှတ်ပြုလက်မှတ်အား သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က လက်ခံရယူသည်။

မောင်မောင်သန်း(တောင်ကြီး)