ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား သြစတြေးလျ နိုင်ငံအခြေစိုက် FOUR PAWS International မှ Country Director နှင့်အဖွဲ့လာရောက်တွေ့ဆုံ

နေပြည်တော် ဧပြီ ၁၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား သြစတြေးလျနိုင်ငံအခြေစိုက် FOUR PAWS International ၏ Country Director , Ms. Marina Ivanova ၊ Senior Project Manager , Mr. Mahdi Quatrameez တို့သည် (၁၀-၄-၂၀၁၉) ယနေ့ နံနက် ၉ နာရီခွဲတွင်ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘတို့ တက်ရောက်ကြပါသည်။

တွေ့ဆုံစဉ် ဆင်များထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ရဲနွယ်ကြိုးဝိုင်းတောအတွင်း နိုင်ငံတကာအဆင့်မီဆင်စခန်းတည်ထောင်နိုင်ရေး အဆောက်အဦဆောက်လုပ်မည့် လုပ်ငန်းများနှင့် စတင်ဆောင်ရွက်ရန်အစီအမံများ၊ ရန်ကုန်မြို့ မင်းဓမ္မကုန်းမြေရှိ ရတနာဆင်ဖြူတော် ဥယျာဉ်အဆင့်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ၊ အမိမဲ့ဆင်ငယ်လေးများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြကြောင်းသိရသည်။ (သတင်းစဉ်)