ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပြည်သူများလက်ဝယ်သို့ ပျိုးပင်များအချိန်မီဖြန့်ဝေနိုင်ရေးအတွက် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ပျိုးဥယျာဉ်များနှင့် စိုက်ခင်းများကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၈−၄−၂၀၁၉

ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၂၇ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ သစ်တောဦးစီးဌာန တာဝန်ရှိသူများ လိုက်ပါလျက် ပျိုးဥယျာဉ်များ၊ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့မပျိုးဉယျာဉ်အားကြည့်ရှုစစ်ဆေး၍ မြို့မပျိုးဥယျာဉ်တည်ရှိရာ ရုက္ခဥယျာဉ်အတွင်း ပေါက်ရောက်လျက်ရှိသည့် သစ်မျိုးများအား စာရင်းကောက်ယူရန်၊ လေ့လာသူများလွယ်ကူစေရန်အတွက် ရုက္ခဥယျာဉ်အတွင်းရှိ သစ်ပင်များ၏ သစ်မျိုးအမည်နှင့် ရုက္ခဗေဒအမည်များ ချိတ်ဆွဲထားရှိရန်၊ ရုက္ခဥယျာဉ်အား အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ လူထုဖြန့်ပျိုးပင်များအား စိုက်ပျိုးလိုသည့် ပြည်သူများလက်ဝယ်သို့ စနစ်တကျဖြန့်ဖြူးရန်၊ ပျိုးပင်များမဖြန့်ဝေမီ ကျန်းမာကြံ့ခိုင်သန်စွမ်းသည့် ပျိုးပင်များဖြစ်စေရေးအတွက် Hardening Process ဆောင်ရွက်ရန်၊ နှစ်ချို့ပျိုးပင်ကြီးများအား ပျိုးအိတ်ကြီးများဖြင့် ပြောင်းရန်တို့ကို ဆွေးနွေးမှာကြားပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရွှေကျပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးသည်၊ ပြည်ထောင်စုဝန်ကြီးက ရွှေကျပျိုးဥယျာဉ်အတွင်း ယခုထက်သစ်မျိုးများ စုံလင်အောင် ဦးစီးရုံးချုပ် ပျိုးဥယျာဉ်နှင့် ချိတ်ဆက်၍ ထပ်မံတိုးချဲ့ပျိုးထောင်ထားရှိရန်၊ ပျိုးအိတ်ကြီး ပျိုးပင်များကို အပူဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိအောင် စနစ်တကျပြုစုထိန်သိမ်းရန်တို့ကို လမ်းညွှန်မှာကြားခဲကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုပ္ပသီရိမြို့နယ်အတွင်း ၂၀၁၆ခုနှစ်၊ ၂၀၁၇ခုနှစ်နှင့် ၂၀၁၈ခုနှစ်များအတွင်း တည်ထောင်စိုက်ပျိုးခဲ့သည့် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်၍ တည်ထောင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းများရှင်သန်အောင်မြင်မှုနှင့် ပြုစုထိန်းသိမ်း စောင့်ရှောက်မှုအခြေအနေများကို ကြည်ရှုစစ်ဆေးသည်။ ၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် တည်ထောင်စိုက်ပျိုးမည့် စိုက်ခင်းအတွက် မြေနေရာရှင်းလင်း ပြင်ဆင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးပြီးသစ်ပင်များ သေကြေပျက်စီးမှုမရှိအောင် စနစ်တကျ ပြုစုထိန်းသိမ်းရန်၊ အပူဒဏ်ကြောင့် သေကြေပျက်စီးသည့် အပင်များကို ယခုမိုးရာသီတွင် သက်တမ်းတူ ပျိုးပင်များဖြင့် ဖာထေးစိုက်ပျိုးရန်၊ ယခုနှစ်မိုးရာသီသစ်ပင်စိုက်ပွဲတော် ဆောင်ရွက်မည့်မြေနေရာအား မြေရှင်းလင်းရာတွင် အပေါ်ယံမြေဆီလွှာများမဆုံးရှုံးအောင် မြေညှိခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်၊ အပင်စိုက်ပျိုးရန် ကျင်းတူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးပါက လိုအပ်သည့် မြေသြဇာဖြည့်တင်းခြင်း ဆောင်ရွက်ထားရှိရန်တို့ကို မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်သို့ ဆက်လက်ထွက်ခွာ၍ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၁၄/၅နှင့် ၂၁၄/၆ အကြားရှိ ငလိုက်ပျိုးဉယျာဉ်အားကြည့်ရှု စစ်ဆေး၍ လူထုဖြန့်ဝေခြင်းဆောင်ရွက်ရာတွင် ယခုနှစ်ပျိုးပင်ထက်ယခင်နှစ် ပျိုးထောင်ထားသည့် သက်တမ်းရင့် ယူကလစ်၊ မယ်ဇလီပျိုးပင်ကြီးများအားဖြန့်ဝေရန်၊ ပျိုးအိတ်သေးများဖြင့် ပျိုးထောင်ထားရှိသည့် သက်တမ်းရင့်ပျိုးပင်များအား ပျိုးအိတ်ကြီးများဖြင့်ပြောင်းရွှေ့ပြုစုပျိုးထောင်ရန်၊ မိုးကျသည့်နှင့် တပြိုင်နက်ပျိုးပင်များ အားစိုက်ပျိုးလိုသည့် ပြည်သူများလက်ဝယ်သို့ အခမဲ့ဖြန့်ဝေနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့ကြောင်းသတင်းရရှိသည်။