ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H. E. Mrs. Suphatra Srimaitreephithak လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၂၉-၄-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အား ယနေ့ ၂၉-၄-၂၀၁၉ ရက်နေ့၊ (၀၉:၄၅)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း နှင့် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် ဖြစ်ပေါ်နေသည့် မီးခိုးမြူငွေ့နှင့်ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ရေရှည်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည့် Fire Management Strategy and Action Plan တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြင်ဆင်မှုလုပ်ငန်းများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် မီးခိုးမြူဖြစ်ပေါ်စေသော သစ်ဆွေးမြေစီမံခန့်ခွဲမှုလုပ်ငန်းများ၊ တောင်ယာမီးရှို့သည့်စနစ်အစား Zero-burning အလေ့အထ ကျင့်သုံးရေး အသိပညာပေးမှုနှင့် စိုက်ခင်းမီးကာကွယ်သည့်လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် မီးခိုးမြူတိုင်းတာသည့် Fixed Station ၃ ခုခန့် တည်ဆောက်နိုင်ရေး၊ Mobile Monitoring equipment များတပ်ဆင်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မီးခိုးမြူဖြစ်ပေါ်မှုဆိုင်ရာလေ့လာခြင်းနှင့် ထိန်းချုပ်ကွပ်ကဲခြင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံမျှဝေခြင်းတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှုများ နှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။