ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် ချစ်ကြည်ရေးခရီးသွားရောက်

နေပြည်တော် ၁၈−၄−၂၀၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ချစ်ကြည်ရေးခရီး သွားရောက်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် ဧပြီ ၁၃ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းဒေါင်ငါးပြတိုက်ကို လေ့လာသည်။ အဆိုပါ ငါးပြတိုက်တွင် ချင်းဒေါင်ရေကန်အတွင်းရှိ ငါးမျိုးပေါင်း ၁၄၀ ကျော်ကိုပြသထားပြီး ငါးမွေးမြူခြင်းဆိုင်ရာသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ စီးပွားဖြစ်ငါးမွေးမြူခြင်းနှင့် သုတေသနလုပ်ငန်းများကိုပြသထားသည်။ ထို့နောက် ချင်းဒေါင်ရေကန်အတွင်း ရေယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။

ရေကန်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်း၊ ငါးမွေးမြူရေး လုပ်ငန်းများကို တာဝန်ရှိသူများက ရှင်းလင်းပြသပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ထို့နောက် ရေကန်အတွင်းမှ ဇီအန်းကျန် ရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက် လေ့လာခဲ့ရာ တာဝန်ရှိသူများက စက်ရုံအတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းဒေါင်မြို့မှ အမြန်ရထားဖြင့် ထွက်ခွာခဲ့ရာ ပေကျင်းမြို့သို့ ည ၁၁ နာရီခွဲတွင် ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧပြီ ၁၅ ရက် နံနက်ပိုင်းတွင် ဘေဂျင်းမြို့ State Power Investment Corporation-SPIC ရုံးချုပ်သို့ရောက်ရှိ၍ ဥက္ကဋ္ဌ မစ္စတာဂျန်ယီ ဦးဆောင်သည့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ဧရာဝတီမြစ်ဝှမ်းအတွင်း လေ့လာသုတေသနပြုမှုများ၊ တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ တရုတ်နိုင်ငံအတွင်း ရေအားလျှပ်စစ် စီမံကိန်းများအကောင်အထည်ဖော်မှု၊ ခေတ်မီနည်းစနစ်များဖြင့် ရေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်ထုတ်လုပ်မှု၊ ပတ်ဝန်းကျင်နှင့် လူမှုစီပွားရေးအပေါ် သက်ရောက်မှုများအပေါ် ဆန်းစစ်ချက်များ၊ သန့်ရှင်းသော စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် သယံဇာတများ စီမံအုပ်ချုပ်မှုစနစ်၊ မြစ်ချောင်းများဂေဟစနစ် ကောင်းမွန်စေရေး ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိနော်ရင်ဂို ကုမ္ပဏီသို့ ရောက်ရှိကြရာကုမ္ပဏီမှ တာဝန်ရှိသူများက ပြခန်းအတွင်းလိုက်လံပြသရှင်းလင်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ အားမေးမြန်းဆွေးနွေးသည်။ ထို့နောက် ကုမ္ပဏီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသော ကြေးနီထုတ်လုပ်ရေး စီမံကိန်းများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေး အစီအမံများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေကျင်းမြို့ရှိ China Nonferrous Metal Mining (Group) သတ္တုတူးဖော်ရေးကုမ္ပဏီရုံးချုပ်သို့ရောက်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက မြန်မာနိုင်ငံတကောင်းတောင် နီကယ်စီမံကိန်း ဆောင်ရွက်အကောင်အထည်ဖော်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံအစိုးရ အမျိုးသားသစ်တောနှင့် မြက်ခင်းစီမံအုပ်ချုပ်မှုအဖွဲ့ ရုံးချုပ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာရေးထိုးပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် သစ်တောကဏ္ဍဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ တရားမဝင်သစ်ကုန်သွယ်မှုတားဆီးရေး၊ နှစ်နိုင်ငံနယ်စပ်ရှိ သစ်တောများထိန်းသိမ်းရေးနှင့် တောမီးကာကွယ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပူးပေါင်း ဆောင်ရွက်နိုင်မှု အလားအလာများ၊ တရားဝင်သစ်ကုန်သွယ်မှုနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၊ ဝါးနှင့်ကြိမ် သုတေသနဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ အာရှပစိဖိတ်ဒေသ သစ်တောကွန်ယက် အဖွဲ့လုပ်ငန်းစဉ်များ၊ တရုတ်မြန်မာစီးပွားရေးစင်္ကြန်အစီအစဉ်တွင် ဂေဟစနစ် ထိန်းသိမ်းရေးသစ်တောများနှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအမျိုးသား ဥယျာဉ်များတည်ထောင်ခြင်း၊ သစ်အခြေခံစက်မှုဇုန်များ တည်ထောင်ခြင်းလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ သစ်တောရေးရာကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ မစ္စတာဆုမ်ကွမ်းလီနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် သစ်နှင့် သစ်တောထွက်ပစ္စည်းများတန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်ခြင်း၊ သစ်အခြေခံစက်မှုနှင့် ကုန်သွယ်မှုဇုန်တည်ထောင်ခြင်းလုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧပြီ ၁၇ ရက် ညနေပိုင်းတွင် ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့ရာ ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်သို့ ညပိုင်းတွင်ပြန်လည် ရောက်ရှိခဲ့ကြောင်းသိရသည်။ (သတင်းစဉ်)