ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အား UN-Habitat မှ Country Programme Manager ဖြစ်သူ Mr. Bijay Karmarcharya လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော် ၊ ၁၃-၅-၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် UN-Habitat မှ Country Programme Manager ဖြစ်သူ Mr. Bijay Karmarcharya အား ယနေ့ ၁၃-၅-၂၀၁၉ ရက်နေ့၊ (၀၉:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကုလသမဂ္ဂအခြေချနေထိုင်မှုအစီအစဉ် (UN-Habitat) နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) တို့၏ နည်းပညာအကူအညီ၊ ဥရောပသမဂ္ဂ (EU) ၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာရာသီဥတုပြောင်းလဲမှု အစီအစဉ် (Myanmar Climate Change Alliance - MCCA) ပထမအဆင့် အကောင်အထည် ဆောင်ရွက်မှုများ နှင့် လုပ်ငန်းအောင်မြင် ပြီးစီးမှုများ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ (Myanmar Climate Change Policy ) နှင့် ယင်းကို အကောင်အထည်ဖော်မည့် မဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၃၀ (Myanmar Climate Change Strategy and Master Plan 2018-20130) စတင် ထုတ်ပြန်ကြေညာမည့် အစီအမံများ၊ ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးများကို လျှော့နည်းသက်သာစေရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ရှိစေရန်အတွက် ကဏ္ဍအလိုက် နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။