ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း (၁၄)ကြိမ်မြောက် မဲခေါင် ဒေသခွဲနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် (၈) ကြိမ် မြောက်မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး များသို့ တက်ရောက်

နေပြည်တော်၊ ၂၅−၅−၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ(၂၃) ရက်နေ့မှ(၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် (၈)ကြိမ်မြောက်မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးရုံး၊  အာဆီယံ ရာသီဥတု စောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialised Meteorological Center– ASMC)၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် International Union for Conservation of Nature (IUCN)၊ International Fund for Agricultural Development (IFAD)၊ Global Environment Center (GEC)၊ European Union (EU) နှင့် German International Cooperation Agency (GIZ) တို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်းကိုယ်စားလှယ် (၄၀) ကျော် တက်ရောက်ခဲ့သည်။

အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Tea Seiha က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Say Samal က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ASEAN Specialized Meteorological Centre (ASMC) က ရာသီဥတု နှင့် မီးခိုးမြူငွေ့ဆိုင်ရာ အခြေအနေများ နှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်  မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့ဥက္ကဌက ဒေသအတွင်းရှိခြောက်သွေ့ သောနေရာများတွင် မီးခိုးမြူငွေ့ကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအဆင့်လုပ်ငန်းအစီအမံများနှင့် ချင်းရိုင်(၂၀၁၇) လုပ်ငန်း စီမံချက်ကို အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ မဲခေါင်ဒေသခွဲနိုင်ငံများအကြား တောမီးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ တိုးတက်မှုအခြေအနေတို့ကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ထိုင်းနိုင်ငံမှနေ၍  မဲခေါင်ဒေသခွဲ ဝန်ကြီးအဆင့် ဦးဆောင်ကော်မတီ၏ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အစီအစဉ်များနှင့် ဆောင်ရွက်ချက်များဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

အာဆီယံ အတွင်းရေးမှူးရုံးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်၏ လမ်းပြမြေပုံနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် (၈)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သတင်း ထုတ်ပြန်ချက်နှင့် အစည်းအဝေးအစီရင်ခံစာတို့ကိုအတည်ပြုခဲ့သည်။

မဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများက နိဂုံးချုပ်အမှာစကား အသီးသီးပြောကြားကြရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခုကြုံတွေ့နေရသည့် စိန်ခေါ်မှုကို အတူတကွ စည်းလုံးညီညွတ်စွာ လက်တွဲဖြေရှင်းကြရန်နှင့် အခြားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များကိုလည်း ရေရှည်စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ တောမီးနှင့်မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြား သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ(၂၅)ရက်နေ့၊ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကြောင်း သတင်းရရှိသည်။