ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေအား ကိုရီးယားသမ္မတနိုင်ငံ၊ Ministry of Environment ၏ ဒုတိယဝန်ကြီးဖြစ်သူ H.E.Mr. Park Chunkyoo နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ ၁၀-၆-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေအား ကိုရီးယားသမ္မတနိုင်ငံ၊ Ministry of Environment ၏ ဒုတိယဝန်ကြီးဖြစ်သူ H.E.Dr. Park Chunkyoo နှင့်အဖွဲ့မှ ယနေ့ ၁၀-၆-၂၀၁၉ ရက်နေ့၊  ၁၆:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၊ ရုံးအမှတ် (၂၈)၊ နေပြည်တော်၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်  ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါက်တာသောင်းနိုင်ဦးနှင့် ဒေါက်တာနိုင်ဇော်ထွန်းတို့ တက်ရောက်ကြသည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ကိုရီးယား-မဲခေါင် ဇီဝမျိုးစုံမျိုးကွဲစင်တာအား မြန်မာနိုင်ငံတွင် တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာသုတေသနနှင့် အသုံးဝင်ဇီဝအရင်းအမြစ်များဆိုင်ရာ သုတေသနလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပမည့် မြန်မာ-ကိုရီးယား ဇီဝအရင်းအမြစ်များဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး၌ ဆွေးနွေးမည့် အကြောင်းအရာများ၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းကျင်းပမည့် အာဆီယံ-ကိုရီးယားထိပ်သီးညီလာခံ၌ ကိုရီးယား-မဲခေါင် ဇီဝမျိုးစုံမျိုးကွဲစင်တာ တည်ထောင်ရေးအား အစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ခြင်း ဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ကိုရီးယား-မဲခေါင်ဇီဝမျိုးစုံမျိုးကွဲစင်တာ တည်ထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံများရှိ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး၊ အသုံးဝင်ဇီဝအရင်းအမြစ်များနှင့် မျိုးရိုးဗီဇများအား ဖော်ထုတ်ထိန်းသိမ်းနိုင်မည်ဖြစ်သဖြင့် ဇီဝမျိုးစုံမျိုးကွဲတန်ဖိုးများအား စီးပွားရေးတန်ဖိုးများအဖြစ် ပြောင်းလဲနိုင်သည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။