ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇီဝထင်းလောင်စာသစ်မျိုး သုတေသနစမ်းသပ်စိုက်ခင်းနှင့် သင်တန်းကျောင်းများ၊ သစ်စက်များအား ကြည့်ရှု့စစ်ဆေး

နေပြည်တော်၊ ၁၆−၆−၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁၆.၆.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း(၁၆)ရပ်ကွက်၊ မောင်းမကန်ကမ်းသာလမ်းဘေးရှိ သစ်တောဦးစီးဌာန၏ ဇီဝထင်းလောင်စာသစ်မျိုး သုတေသနစမ်းသပ်စိုက်ခင်း (၃၉)ဧက စခန်းသို့ ရောက်ရှိစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ သုတေသန စမ်းသပ်စိုက်ပျိုးမှုများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇီဝထင်းလောင်စာအတွက် သုတေသနပြုစမ်းသပ်စိုက်ပျိုးထားသည့် သစ်မျိုးစိတ်များ၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးသည့် နည်းစနစ်များအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး သုတေသန ဆောင်ရွက်ချက်များနှင့် တွေ့ရှိချက်များအား စနစ်တကျမှတ်တမ်းတင်ထားရှိပြီး စာတမ်းများ ပြုစုတင်ပြရန်၊ သုတေသနပြုစိုက်ပျိုးမည့် အစီအစဉ်ကို ရေရှည်စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ သုတေသနစခန်းအတွင်း ၂၀၁၇ ခုနှစ်မှစတင်၍ ဇီဝထင်းလောင်စာထုတ်လုပ်ရန်အတွက် မယ်ဇလီ၊ မယ်ဇယ်၊ ဘောစကိုင်း၊ မအူလက်တံရှည်၊ ပျဉ်းမ၊ ယူကလစ်၊ အော်ရီရှား၊  ပျဉ်းကတိုး၊  ကုက္ကိုလ်၊  သစ်မကျီး၊  သစ်စိမ့်၊ အကေးရှားစပ်မျိုး၊ အကေးရှားမန်ဂျီယန်နှင့် အကေးရှားခရတ်စီကာပါး စုစုပေါင်းသစ်မျိုးစိတ် (၁၄)မျိုး၊ (၃.၁၄)ဧကအား သစ်တောသုတေသနဌာန၊ ရေဆင်းမှ စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၃၆)ရပ်ကွက်၊ ပင်လုံလမ်း၊ အမှတ်(၆၇၄)ရှိ သစ်အခြေခံစက်မှုနည်းပညာသင်တန်းကျောင်း (Wood Based Technology Training Center) သို့ရောက်ရှိစစ်ဆေးခဲ့ရာ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ သင်တန်းကျောင်း စတင်ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်၊ ၂၀၀၅ ခုနှစ်မှ လက်ရှိအချိန်အထိ ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းအမျိုးအစားများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းကျောင်းအတွက်လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများကို မြန်မာ့သစ်လုပ်ငန်း၏ခွင့်ပြုချက် ရယူဆောင်ရွက်ရန်၊ ဗေဒါဖြင့် သစ်အချောထည်ပရိဘောဂနှင့် လက်မှုပစ္စည်းများထုတ်လုပ်သည့် သင်တန်းအားထပ်မံဖွင့်လှစ်ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ပြည်ပမှကျွမ်းကျင်ပညာရှင်များလာရောက်ပါက ဌာနသို့ဆက်သွယ်တင်ပြရန် လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။

အဆိုပါ သင်တန်းကျောင်းတွင် အခြေခံပရိဘောဂပြုလုပ်ခြင်း၊ အရောင်တင်ခြင်း၊ ဗေဒါဖြင့် သစ်အချောထည်လက်မှုပစ္စည်းများ ထုတ်လုပ်ခြင်း၊ ကြိမ်/ဝါးတို့အသုံးပြု၍ ပရိဘောဂနှင့် အသုံးအဆောင်များပြုလုပ်ခြင်းတို့ကို စာတွေ့/လက်တွေ့သင်ကြား ပြသပေးလျက်ရှိကြောင်းသိရ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်အတွင်း၊ အုတ်ကျင်းအမှတ် (၈)သစ်စက်အနီးရှိ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၃)သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ သင်တန်းခန်းမအတွင်း မြန်မာ့သစ်လုပ်ငန်းလက်အောက် ဌာနအသီးသီးရှိ အရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ပို့ချနိုင်မှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆရာများ၏ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ သင်တန်းသားများ နားလည်သဘောပေါက်အောင် သင်ကြားပြသနိုင်မှုတို့သည် ကာလတိုဖွင့်လှစ်သည့် သင်တန်းများအတွက် လွန်စွာအရေးကြီးပါကြောင်းနှင့် သင်တန်းသားအရေအတွက်ကို အဓိကမထားဘဲ အရည်အချင်း ပြည့်ဝစေရေးအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းကျောင်းအတွင် လှည့်လည်စစ်ဆေးကြည့်ရှု့ခဲ့သည်။

ထို့နောက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ အုတ်ကျင်းအမှတ်(၈) သစ်စက်သို့ရောက်ရှိခဲ့ရာ စက်ရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများမှ စက်ရုံအတွင်းလုပ် ငန်းလည်ပတ်ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းတာဝန်ပေးခန့်အပ်ထားမှုများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ကုန်ကြမ်းသစ်လုံးလက်ခံရရှိမှု၊ သစ်ခွဲသားများ ခွဲစိတ်ထုတ်လုပ်နိုင်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့်အားလျှော်စွာ စီးပွားရေးအရ အောင်မြင်အောင်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ကုန်ကြမ်းနည်းနည်းဖြင့် ဝင်ငွေများများရရှိရန်အတွက် ဆောင်ရွက်ရာတွင် စက်ပစ္စည်းများ၏ အရည်အသွေးအပြင် ဝန်ထမ်းများ၏ စီမံအုပ်ချုပ်၊ ကြီးကြပ်ညွှန်ကြားမှုသည် အရေးကြီးပါကြောင်း၊ လုပ်ငန်းခွင် မတော်တဆဘေးအန္တရာယ် မဖြစ်စေရေးလိုအပ်သော အထောက်အကူပြုပစ္စည်းများ၊ လုပ်ထုံးလုပ်နည်းများ ပြည့်ပြည့်ဝဝ ပံ့ပိုးညွှန်ကြားပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ ညီညွှတ်မှုရှိရန်နှင့် တင်ပြချက်များရှိပါက ပွင့်လင်းမြင်သာစွာ ရှင်းလင်းအသိပေးရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး သစ်လုံးများခွဲစိတ်နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။