ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် အမှာစကားပြောကြားခြင်း သတင်း

နေပြည်တော်၊ ၄.၈.၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျန်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၄.၈.၂၀၁၉ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်၊ တော်ဝင်ခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ရာ ‌ရှေးဦးစွာ သစ်ထုတ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉-၂၀၂၀ ခုနှစ် သစ်ထုတ်ရာသီတွင် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်တောဦးစီးဌာနမှ သတ်မှတ်ပေးထားသော ကျွန်းနှင့်သစ်မာ နှစ်စဉ်တောထွက် (Annual Allowable Cut – AAC) ပမာဏ၏ ၅၀ ရာခိုင်နှုန်းလျှော့ချပြီး သစ်ထုတ်မှုနှင့် ကုန်ကျစရိတ် (Operation Ration) ကိုက်ညီစေရန်သာ သစ်ထုတ်သွားမည်ဖြစ်ကြောင်း၊ သဘာဝတောများမှ သစ်ထုတ်မှုကို တတ်နိုင်သမျှ လျော့ချဆောင်ရွက်မည်ဖြစ်သော်လည်း စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများရှိ နှစ်(၃၀) နှင့်အထက် သက်ကြီးသစ်တောစိုက်ခင်းများမှ သစ်များကို သစ်တောဉီးစီးဌာန၏ ပင်ထောင်ရိုက် ခွင့်ပြုထားသည့်အတိုင်း ခုတ်လှဲသွားမည်ဖြစ်ကြောင်းနှင့် လမ်းဘေးဝဲယာနှင့် တစ်အုပ်တစ်မ စိုက်ခင်းများမှ ကျွန်းနှင့်သစ်မာ ပင်ကြပ်များကိုလည်း အမြန်ဆုံးပြီးစီးအောင် ခုတ်လှဲ‌ဆောင်ရွက်ရန်နှင့် ခုတ်လှဲထွက်ရှိလာသည့် ကျွန်းနှင့်သစ်မာ ပင်ကြပ်မျော/တိုင်/သစ်လုံးများအား အမြန်ဆုံး ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက်တွင် ပြည်ထောင်စုဝန်ကြီးက သစ်ထုတ်ခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုမရှိစေရန်၊ တောတွင်းပင်ထောင်ကျန်များ ထိခိုက်ပျက်စီးမှုမရှိစေရန်၊ သစ်ထုတ်လမ်းများ မှတစ်ဆင့် တရားမဝင်သစ်ခိုးထုတ်ခြင်းမရှိရေး သစ်ထုတ်လမ်းဟောင်းများအား လုပ်ငန်းဆောင်ရွက်ပြီးပါက စနစ်တကျဖျက်သိမ်းရန်တို့အား ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ သစ်ထုတ်ပြီးဒေသများအတွင်း ခုတ်လှဲသည့် အပင်၏(၃)ဆကို သဘာဝတော တန်ဘိုးမြှင့်သစ်တောစိုက်ခင်းအဖြစ် ပြန်လည်စိုက်ပျိုးရန်နှင့် မြန်မာ့သစ်လုပ်ငန်းပိုင် စီးပွားရေးကျွန်းနှင့် ပျဉ်းကတိုးစိုက်ခင်း နှစ်စဉ်(၅၀)ဧကအား (၅)နှစ်စိုက်ပျိုးမည့် စီမံချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းများ စနစ်တကျပြုစုထိန်းသိမ်းရန်၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းသည် မြန်မာ့သစ်လုပ်ငန်း၏ ပင်မလုပ်ငန်းမဟုတ်သည့်အတွက် သစ်တောဦးစီးဌာန၏ စိုက်ခင်းတည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ကိုးကားဆောင်ရွက်ရန်နှင့် စိုက်ပျိုးပြီး(၅)နှစ်မှာ ရှင်ပင်ရာခိုင်နှုန်း(၆၀)နှင့် အထက်ရှိရန်နှင့် စိုက်ခင်းမှတ်တမ်းများ စနစ်တကျထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ခုတ်လှဲပြီးသစ်များသယ်ယူ၊ ခွဲစိတ်၊ ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မြန်မာ့သစ်လုပ်ငန်းမှ စတင်မိတ်ဆက်ဆောင်ရွက်‌လျက်ရှိသည့် သစ်နောက်ကြောင်းပြန် ခြေရာခံနိုင်သည့်စနစ် Chain of Custody (CoC) ဖြစ်သည့် QR Code စနစ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက QR Code စနစ်ရဲ့ အားသာချက်ဖြစ်သော သစ်လုံးတစ်လုံးချင်းစီ၏ ရာဇဝင်နှင့် တရားဝင်ခုတ်လှဲ၊ သယ်ယူမှုဆိုင်ရာ အထောက်အထားများကို သစ်ဝယ်ယူသူမှ လွယ်ကူလျှင်မြန်စွာ သိရှိနိုင်ခြင်းဖြစ်ကြောင်း၊ အချိန်ကုန်သက်သာပြီး ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်သော စနစ်ဖြစ်တဲ့အတွက် အောင်မြင်အောင်ဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်မှာကြားခဲ့သည်။

ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားလုပ်ငန်းစခန်းများ (Elephant Conservation Based Tourism – ECBT)နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏မူဝါဒအရ သစ်ထုတ်ခြင်းများလျော့ချခဲ့ရာ သစ်ထုတ်ရေးဆင်များနှင့် ဆင်ဝန်ထမ်းမိသားစုများ ရေရှည်အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် ပြည်သူလူထုအား အသိပညာပေး အပန်းဖြေနိုင်စေရန်အတွက် ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွား လုပ်ငန်းစခန်းများအား တိုးချဲ့ဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တောဆင်ရိုင်းများဘေးအန္တရာယ်မှ ကာကွယ်ရန်အတွက် အရေးပေါ်တောဆင် မောင်းနှင်ရေးအဖွဲ့ (Emergency Elephant Response Unit – EERU) ၏ တောဆင်များကာကွယ်ရေး၊ ပြည်သူလူထုအသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်မှုများ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးတွင် လိုအပ်သောကုသခြင်း၊ ကာကွယ်ခြင်း၊ သုတေသနပြုလုပ်မှုများအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်‌ဆောင်ရွက်သွားရန်နှင့် ဆင်စားကျက်များနှင့် နေရင်းဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သစ်ထုတ်ရေးဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဌာန၏ ကောင်းရာကောင်းကျိုးများကိုသာဆောင်ရွက်ရန်၊ ဌာနအကြီးအကဲများမှလည်း အောက်ခြေမှတင်ပြလာသည့်ကိစ္စများကို စဉ်းစားချင့်ချိန်၍ အတတ်နိုင်ဆုံးညှိနှိုင်းဖြေရှင်းပေးရန်၊ စက်သုံးဆီများဝယ်ယူခြင်း၊ ဌာနပိုင်မြေ၊ အဆောက်အများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ အဂတိလိုက်စားမှုကင်းရှင်းရန်၊ ဘဏ္ဍာငွေ လျာထားသုံးစွဲရာတွင်လည်း တတ်နိုင်သမျှ အမှန်တကယ်ဆောင်ရွက်မည့်အတိုင်း လျှာထားဆောင်ရွက်ရန်၊ စာရင်းစစ်ကန့်ကွက်ချက်များမဖြစ်စေရေး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သစ်ထုတ်ရေးတာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာများနှင့် သစ်ထုတ်ရေး နယ်တာဝန်ခံအရာထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည်  ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သစ်ထုတ်ရေးတာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာများနှင့် သစ်ထုတ်ရေးနယ်တာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာများမှ ၂၀၁၈-၂၀၁၉ ခုနှစ် သစ်ထုတ်လုပ်နိုင်မှု၊ သစ်ဆိပ်သို့ ရောက်ရှိ/ သိုလှောင်/ရောင်းချနိုင်မှုနှင့် သစ်ဆိပ်လက်ကျန်ပမာဏ၊ သဘာဝတောတန်ဘိုးမြှင့်စိုက်ခင်း စိုက်ပျိုးနိုင်မှု၊ ထုတ်လုပ်ရေးအတွက် ယာဉ်/ယန္တရားနှင့် စက်သုံးဆီသုံးစွဲမှုများအားလည်းကောင်း၊ ၂၀၁၉-၂၀၂၀ခုနှစ် သစ်ထုတ်ရာသီတွင် ဆောင်ရွက်မည့် အစီအစဉ်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ သစ်တောဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ နှစ်စဉ်တောထွက်ပမာဏ သတ်မှတ်ခြင်းနှင့် သဘာဝတောတန်ဘိုးမြှင့်စိုက်ပျိုးခြင်းများနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ရှု့ထောင့်မှ ဆွေးနွေးရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်းရှိ  Yangon Gems and Jewellery Sales Center သို့ သွားရောက်၍ ကျောက်စိမ်းနှင့် ကျောက်မျက်အချောထည် ထုတ်လုပ်ရောင်းချနေမှု၊ စျေးကွက်ရရှိမှုနှင့် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုများနှင့်စပ်လျဉ်း၍ သိလိုသည်များအား လေ့လာဆွေးနွေးမေးမြန်းခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။