၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော်၊ ၁၆−၉−၂၀၁၉
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် ကိုယ်စားလှယ်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှအကြီးအကဲများ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၊ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် လိုက်နာဆောင်ရွက်ရေး အထောက်အပံ့အစီအစဉ် အရာရှိ Mr. Pipat Poopeerasupong (မစ္စတာပီပက် ပူးပီးရာဆုပွန်း)၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရေခဲသေတ္တာနှင့် အအေးပေးစက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ စုစုပေါင်း(၂၀၀) ဦးခန့် တက်ရောက်ကြပါသည်။

အဆိုပါ အခမ်းအနားကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် - လူသားတို့၏ နေ့စဉ် လူနေမှုဘဝ မြင့်မားတိုးတက်လာသည့်အလျောက် ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အအေးခန်းများသည် အထောက်အကူပြု အသုံးအဆောင်ပစ္စည်းများအဖြစ် ရပ်တည်လာသကဲ့သို့ ၎င်းပစ္စည်းများတွင် အသုံးပြုသော အအေးပေးဓါတုဒြပ်ပစ္စည်းများဖြစ်သည့် ကလိုရိုဖလူရိုကာဗွန် (CFC)၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC)၊ ဘရိုမိုကလိုရိုမီသိန်း (CH2BrCl)၊ ဟေလွန်နှင့် ကာဗွန်တက်ထရာ ကလိုရိုဒ် (CCl4) စသည့် ဓါတ်ငွေ့များကြောင့် အိုဇုန်းလွှာပါးလွှာပျက်စီးမှု ဖြစ်ပေါ်နေပါကြောင်း။

အိုဇုန်းလွှာသည် လူသားတွေနဲ့သက်ရှိတွေကို အင်မတန်အန္တရာယ်ဖြစ်စေနိုင်သည့် နေရောင်ခြည်နှင့် အတူပါလာတဲ့ ခရမ်းလွန်ရောင်ခြည် UV-B နဲ့UV-C ကို ကမ္ဘာမြေပေါ် မကျရောက်အောင် ထီးသဖွယ်ကာကွယ်ပေးထားတဲ့အတွက် ကျွန်တော်တို့ သက်ရှိလောကအတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝအကာအရံတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် အိုဇုန်းလွှာပျက်စီးယိုယွင်းမှုကို ကမ္ဘာ့နိုင်ငံအားလုံးပူးပေါင်းပြီး ထိန်းသိမ်းကာကွယ်နိုင်ရန် ၁၉၈၅ ခုနှစ်မှာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကိုချုပ်ဆိုခဲ့ပြီး ၁၉၈၇ ခုနှစ်၊ စက်တင်ဘာ လ ၁၆ ရက်နေ့မှာ “အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသုံးစွဲမှုလျှော့ချရပ်ဆိုင်းရေးဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်” ကို ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့မှာ ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါစာချုပ်သည် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပထမဆုံးသောကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မွန်ထရီယယ်နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်အဖြစ်ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာ အဓိကပျက်စီးစေတဲ့ ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန် (HBFCs)၊ ဘရိုမိုကလိုရိုမီသိန်း (CH2BrCl)၊ ကလိုရို ဖလူရိုကာဗွန်(CFCs)၊ ဟေလွန်၊ ကာဗွန်တက်ထရာကလိုရိုဒ် (CCl4)နဲ့ မီသိုင်းဘရိုမိုဒ် (CH3Br)တို့ကို အသီးသီးရပ်ဆိုင်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC)များသည် အိုဇုန်းလွှာကို ပျက်စီးစေတဲ့အပြင် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့်အတွက် စာချုပ်အဖွဲ့ဝင်နိုင်ငံအနေဖြင့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှုလျှော့ချ ရပ်ဆိုင်းရမှာဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၉/၂၀၁၃) အစည်းအဝေး ခွင့်ပြုချက်အရ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှုလျှော့ချရပ်ဆိုင်းရေး စီမံခန့်ခွဲမှုလုပ်ငန်းစီမံကိန်း HCFC Phase out Management Plan- HPMP ကိုရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါစီမံချက်အရ HCFC ထောက်ပံ့မှု ကန့်သတ်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်း များတွင် HCFC သုံးစွဲမှုလျှော့ချခြင်းနဲ့ HCFC အခြေပြုပစ္စည်းအသစ်တင်သွင်းခြင်းများအား ကန့်သတ်ခြင်းနည်းလမ်း(၃)သွယ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ “အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်”ကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ကာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှုနဲ့ ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC) ဒြပ်ပစ္စည်း တင်သွင်းသုံးစွဲမှုကို လျှော့ချရပ်ဆိုင်းနိုင်ရန် ၂၀၀၉ - ၂၀၁၀ ခုနှစ်အတွင်း ပျမ်းမျှသုံးစွဲမှု ပမာဏ (၇၈.၁၈) မက်ထရစ်တန်ကို အခြေခံအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အခြေခံသတ်မှတ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ ၃၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်မှာ ၆၇.၅ ရာခိုင်နှုန်း အထိ လျှော့ချသွားရန်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး တပ်ဆင်ပြီးဖြစ်တဲ့ လေအေးပေးစက်နဲ့ ရေခဲသေတ္တာတွေရဲ့ ဝန်ဆောင်မှုအတွက် အခြေခံသတ်မှတ်ချက်ရဲ့ ၂.၅ ရာခိုင်နှုန်း ကိုသာ ခြွင်းချက်အနေနဲ့ တင်သွင်းခွင့်ပြုမှာဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ်ရပ်ဆိုင်းသွားမှာဖြစ်ပါကြောင်း၊

HPMP စီမံချက်ပါ လုပ်ငန်းစဉ်အတိုင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) ဒြပ်ပစ္စည်းများ တင်သွင်းမှုများကို ကန့်သတ်လျှော့ချသည့် နေရာတွင် အဲ့ဒီဒြပ်ပစ္စည်းများကို အသုံးပြုသည့် စက်ပစ္စည်းများတင်သွင်းမှုကိုပါ ကန့်သတ်ဆောင်ရွက်ရန် လိုအပ်သောကြောင့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်ဒြပ်ပစ္စည်း အသုံးပြုတဲ့ မြင်းကောင်ရေ ၂ကောင်ခွဲအောက် အအေးပေးစက်ပစ္စည်းများတင်သွင်းမှုကို တားဆီးပိတ်ပင်သွားရန်နှင့် မြင်းကောင်ရေ ၂ ကောင်ခွဲအထက်ရှိတဲ့စက်ပစ္စည်းများကိုလည်း အဆင့်ဆင့် တားဆီးပိတ်ပင်သွားနိုင်ရန် သက်ဆိုင်ရာလုပ်ငန်း၊ ဌာနများနှင့် ၂၀၁၇ ခုနှစ်က စတင်ညှိနှိုင်းခဲ့ရာမှာ သက်ဆိုင်ရာလုပ်ငန်း၊ ဌာနများ အဓိကတင်သွင်းသူ စီးပွားရေးလုပ်ငန်းရှင်များနှင့် အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ တစ်ဖက်မှာလည်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆောင်ရွက်ချက်များအနေဖြင့် အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများ ပြည်ပကနေ တရားမဝင်တင်သွင်းသုံးစွဲမှုတွေကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနက အရာထမ်းများကို အိုဇုန်းလွှာထိခိုက်ပျက်စီးစေတဲ့ဒြပ်ပစ္စည်း တင်သွင်းခြင်း/တင်ပို့ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိသလို တရားမဝင်တင်သွင်းမှုတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ တည်ဆဲ ဥပဒေအရ တားမြစ်ကန့်သတ် အရေးယူနိုင်ရန်ကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊

ထို့အပြင် အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေအသုံးပြုတဲ့ “ရေခဲသေတ္တာနဲ့ လေအေးပေးစက်ဆိုင်ရာ နည်းပညာရှင်များအတွက် စက်မှုဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ဆရာဖြစ်သင်တန်း”နှင့် “ဆင့်ပွားသင်တန်း” များကိုလည်း ဖွင့်လှစ် ကျင်းပပေးလျက်ရှိပါကြောင်း၊ လက်ရှိ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) ဒြပ်ပစ္စည်းများ သုံးစွဲမှုလျှော့ချရပ်ဆိုင်း ဆောင်ရွက်ရာတွင် အစားထိုးအသုံးပြုသော ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ဒြပ်ပစ္စည်းများသည် အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းမဟုတ်သော်ငြား ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အပူချိန် ညွှန်းကိန်း (၁၂၅၀၀) အထိရှိသဖြင့် ကမ္ဘာကြီးပူနွေးမှုဖြစ်နိုင်ချေ Global Warming Potential အလွန် မြင့်မားသောကြောင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတယ်ဆိုတာ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ထုတ်လုပ်သုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် အစားထိုး ဒြပ်ပစ္စည်းများအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရဝမ်ဒါနိုင်ငံ၊ ကီဂါလီမြို့မှာကျင်းပသော ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ထုတ်လုပ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ ကီဂါလီပြင်ဆင်ချက်ကို သဘောတူချမှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကီဂါလီပြင်ဆင်ချက်အပေါ် အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရန် နိုင်ငံအတွင်း ဟိုက်ဒရိုဖလူရို ကာဗွန် (HFC) သုံးစွဲမှု စာရင်းကောက်ယူခြင်းနှင့် ၎င်းအတွက် အစားထိုး အသုံးပြုနိုင်မည့် နည်းလမ်းများကို လေ့လာဆန်းစစ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်အရ အိုဇုန်းလွှာပျက်စီးစေတဲ့ဒြပ်ပစ္စည်းများ ထုတ်လုပ်မှုနှင့်သုံးစွဲမှုကို အချိန်ဇယားသတ်မှတ်ပြီး လျှော့ချရပ်ဆိုင်းခြင်း ဆောင်ရွက်ခဲ့ကြရာတွင် ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကအောင်မြင်မှုအနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အိုဇုန်းလွှာပျက်စီးမှုကို နှစ်စဉ် ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး ၁၉၉၀ ခုနှစ် မှ ၂၀၁၀ ခုနှစ် အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၃၅ ဘီလီယံတန်ခန့်နှင့် ညီမျှသော အိုဇုန်းလွှာပျက်စီးစေသည့် ဓာတ်ငွေ့များ လေထုအတွင်းထုတ်လွှတ်မှုကို တားဆီးပေးနိုင်ခဲ့သည်ကို လေ့လာသိရှိရပါကြောင်း၊ သုတေသနဆိုင်ရာခန့်မှန်းချက်များအရ မွန်ထရီယယ်နှင့်နောက်ဆက်တွဲပြင်ဆင်ချက်များ၏ သဘောတူညီချက်များအတိုင်း ကမ္ဘာ့နိုင်ငံအားလုံးတက်ညီလက်ညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဆိုပါက မြောက်ကမ္ဘာခြမ်းနဲ့ လတ္တီကျူ အလယ်ပိုင်းဒေသများမှာရှိတဲ့ အိုဇုန်းလွှာပျက်စီးမှုကို ၂၀၃၀ ပြည့်လွန် နှစ်များမှာ လည်းကောင်း၊ တောင်ကမ္ဘာခြမ်းပေါ်မှာရှိတဲ့ အိုဇုန်းလွှာပျကျ်စီးမှုကို ၂၀၅၀ ပြည့်လွန်နှစ်များမှာလည်းကောင်း၊ ဝင်ရိုးစွန်းဒေသများပေါ်ရှိအိုဇုန်းလွှာပျက်စီးမှုကို ၂၀၆၀ ပြည့်နှစ်ခန့်မှာ လည်းကောင်း လုံးဝပြန်လည်ကောင်းမွန် လာသည်အထိ ပြုပြင်သွားနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊

ထို့အပြင် ယနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာ့အပူချိန်မြင့်မားမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးရဲ့ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုဖြစ်တဲ့ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်၏ ၃၂ နှစ်အတွင်း အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေဖြင့် ယနေ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အခမ်းအနားကို “32 Years and Healing”၊ “၃၂ နှစ်ကြာ အောင်မြင်မှု အိုဇုန်းလွှာက သက်သေပြု” ဆိုသည့် ဆောင်ပုဒ်ဖြင့် ဂုဏ်ပြုကျင်းပခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှုကို ထိန်းချုပ်ပြုပြင်လာနိုင်ခြင်းဟာ "စည်းလုံးခြင်းသည်ခွန်အား" ဆိုသည့်အတိုင်း အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်၏ လုပ်ငန်းစဉ်များကို ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်ပါကြောင်း၊ ဤအောင်မြင်မှုရလဒ်များကို ဆက်လက်ထိန်းသိမ်းပြီး မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများ သုံးစွဲမှုလျှော့ချ ရပ်ဆိုင်းရေးဆိုင်ရာ လက်ရှိနှင့် အနာဂတ်လုပ်ငန်းအစီအစဉ်များမှာ ကမ္ဘာ့နိုင်ငံများနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် အိုဇုန်းလွှာ ပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ၊ ပြည်သူများအနေဖြင့်လည်း ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများ ကင်းဝေးစေရန်နှင့် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်စေရန် နိုင်ငံတော်က ဆောင်ရွက်နေသော အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများသုံးစွဲမှု လျှော့ချရပ်ဆိုင်းရေး လုပ်ငန်းစဉ်များတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နေ့လယ်ပိုင်းအစီအစဉ်တွင် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနေ့နှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (R-22) သုံး မြင်းကောင်ရေအား ၂.၅ နှင့် အောက် လေအေးပေးစက်များတင်သွင်းမှုရပ်ဆိုင်းရေးဆိုင်ရာ ဆက်စပ်ပတ်သက်သူများ၏ ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အခမ်းအနားကို ညနေ (၁၆:၃၀) နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ Photo & News-ECD