ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား International Union for Conservation of Nature (IUCN), Head of Indo-Burma Group ဖြစ်သူ Mr. Jake Brunner မှ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၈-၁၁-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ( International Union for Conservation of Nature - IUCN) , Head of Indo-Burma Group ဖြစ်သူ Mr. Jake Brunner အား ယနေ့ ၁၈-၁၁-၂၀၁၉ ရက်နေ့၊ (၁၁:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်ဦးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မုတ္တမပင်လယ်ကွေ့ဒေသ ဂေဟစနစ်ထိန်းသိမ်းရေး ဆောင်ရွက်မှုနှင့် ငါးသယံဇာတ ပြန်လည်တိုးပွားလာမှု အခြေအနေများ၊ သံလွင်မြစ်ကြောင်းထိန်းသိမ်းရေးအတွက် အဆိုပြုလွှာရေးဆွဲရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ Global Environment Facility (GEF) ၏ ရန်ပုံငွေဖြင့် IUCN မှဆောင်ရွက်မည့် သစ်တောပြန်လည်တည်ထောင်ရေးလုပ်ငန်းစီမံကိန်း၏ မြို့နယ် ၆ မြို့နယ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများ၊  ရေရှားပါးမှုကြောင့် အပူပိုင်းဇုန်တွင် ဖြစ်ပေါ်သည့် သစ်တောဖုံးလွှမ်းမှုကျဆင်းခြင်းအား အထောက်အကူပေးနိုင်မည့် အစီအမံများ၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မည့် သစ်ဆွေးမြေဂေဟစနစ် စီမံအုပ်ချုပ်မှုလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့်အစီအမံများ၊ ဂဏန်း၊ ပုစွန်အပါအဝင် ရေနေသတ္တဝါများရေရှည်တည်တန့်ရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ဒေသခံများပူးပေါင်းပါဝင်သည့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရေး၊ ဒီရေတောအားအခြားမြေအဖြစ်အသုံးချမှု ကြီးကြပ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။