ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်း၊ ဝါးစိုက်ခင်းများနှင့်မှော်ယောကြီးဆင်းစခန်းတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၁−၂−၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် (၁.၂.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇) အနီး၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးကွန်း(၁) ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးတည်ထောင်ထားသော ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်း (၁၀၀)ဧကသို့ ရောက်ရှိခဲ့ရာ ရှေးဉီးစွာ စိုက်ခင်းစခန်း နားနေဆောင်တွင် ပုဂ္ဂလိကသစ်မျိုးစုံစိုက်ခင်း စိုက်ပျိုးတည်ထောင်သူ ဉီးသက်စိုးမှ စိုက်ခင်း (၁၀၀)ဧကအတွင်း သစ်တောသစ်ပင်များ၊ အလှပန်းပွင့်ပင်များနှင့် သစ်ခွမျိုးစိတ်များ၊ ဝါးမျိုးစိတ်များအား အကွက်အလိုက် ခွဲခြားသတ်မှတ်၍ ရုက္ခဗေဒဥယျာဉ်တစ်ခု တည်ထောင်နိုင်ရန် စနစ်တကျ စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ထပ်မံဖြည့်စွက်စိုက်ပျိုးရန် လိုအပ်သည့်သစ်မျိုးများနှင့် စိုက်ပျိုးရန် နေရာရွေးချယ်မှုများနှင့် စပ်လျဉ်း၍ အကြံပြုပြောကြားခဲ့ပါသည်။ ထို့နောက် စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ စိုက်ခင်းအောင်မြင်ရေးအတွက် လိုအပ်သည်များကို အကြံပြု ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၀၅)အနီး၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၃) အတွင်းရှိ မြန်မာ့သစ်လုပ်ငန်းပိုင် မှော်ယောကြီးဆင်စခန်းသို့ ရောက်ရှိခဲ့ရာရှေးဉီးစွာ ဆင်စခန်းအနီးရှိ ၂၀၁၈ခုနှစ် မိုးရွာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် မြန်မာ့သစ်လုပ်ငန်းပိုင် စီးပွားရေးကျွန်းစိုက်ခင်း (၅၀)ဧက အောင်မြင်ရှင်သန်မှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ တာဝန်ရှိသူများမှ စိုက်ခင်းယာယီရှင်းလင်းဆောင်တွင် စိုက်ခင်းပြုစုထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သေပင်များ ပြန်လည်ဖာထေးစိုက်ပျိုးခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ ရောဂါပိုးကျရောက်မှုဒဏ်မှ ကာကွယ်ကုစားခြင်း စသည်တို့အား စနစ်တကျဆောင်ရွက်ရန်၊ မှတ်တမ်းများကိုလည်း စနစ်တကျ ပြုစုထိန်းသိမ်းထားရှိရန်နှင့် ဆင်စခန်းသို့ လာရောက်လည်ပတ်အပန်းဖြေသူများအနေဖြင့် တောတွင်းခြေလျှင်လမ်းလျှောက်အတွေ့အကြုံ ရရှိခံစားနိုင်ရန်အတွက် စိုက်ခင်းဧရိယာအတွင်း တောတွင်းလျှောက်လမ်းများ ပြုလုပ်ရန်နှင့် စိုက်ခင်းရှင်သန်အောင်မြင်ရေးအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ယောကြီးဆင်သမားကျေးရွာနှင့် ဆင်ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိခဲ့ရာ ဆင်စခန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ ဆင်စခန်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ ၂၀၂၀ မိုးရာသီတွင်စိုက်ပျိုးမည့် ကျွန်းစိုက်ခင်းဧက(၅၀)အတွက် တောတွင်းလုပ်ငန်းများနှင့် ပျိုးဥယျာဉ်လုပ်ငန်းများ ဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက စခန်းရှိဆင်များအား ကျန်းမာရေးစောင့်ရှောက်မှု၊ ဆင်စားကျက်မြေနေရာရရှိနိုင်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ စခန်းအတွင်း ဆင်များအရွယ်စုံထားရှိပြသနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဆင်စခန်းသို့ နှစ်အလိုက် ဧည့်သည်ဝင်ရောက်မှုနှင့် ဝင်ငွေရရှိမှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လာရောက် လည်ပတ်သူများအား ယခုထက်ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ဆင်စခန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး စခန်းရှိ ဆင်များအားကြည့်ရှုစစ်ဆေးကာ အစာကျွေးခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၅၀/၅) အနီး၊ ပဲခူးမြို့နယ်၊ စလူကြိုးဝိုင်း၊ အကွက်အမှတ်(၂၆၄)အတွင်း စိုက်ပျိုးတည်ထောင်ထားသော ပုဂ္ဂလိကဝါးမျိုးစုံစိုက်ခင်း (၁၀၀)ဧကအား ကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဉီးစွာ စိုက်ခင်းယာယီရှင်းလင်းဆောင်တွင် ပုဂ္ဂလိကဝါးစိုက်ခင်းတည်ထောင်သူ ဉီးခင်မောင်စိုးမှ ဝါးစိုက်ခင်းဧက(၁၀၀)အား ၂၀၁၆ခုနှစ်မှ စတင်တည်ထောင် စိုက်ပျိုးခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပြုဆွေးနွေးချက်အရ ၂၀၁၈ခုနှစ်တွင် ဝါးစိုက်ခင်းနှင့်အတူ ရှားပါးသစ်မာမျိုးစိတ်များကိုပါ ရောနှောစိုက်ပျိုးခဲ့ပါကြောင်း၊ ထို့အပြင် ကြိမ်မျိုးစိတ်များ၊ ပရဆေးပင်များကိုပါ ရောနှောစိုက်ပျိုးခဲ့ရာ လက်ရှိအချိန်တွင် စိုက်ပျိုးထားသည့် အပင်များသာမက ထိန်းသိမ်းထားသော သဘာဝတောကျန်အပင်များကြောင့်ပါ ဂေဟစနစ်ပိုမိုကောင်းမွန်လာသည်ကို လက်တွေ့ခံစားနေရပြီဖြစ်ကြောင်း၊ ဝါးနှင့်ကြိမ်မျိုးစိတ်များ တိုးချဲ့စိုက်ပျိုးရေးနှင့်၊ သဘာဝတောကျန်များ အပင်များပေါ်တွင် သစ်ခွပင်များစိုက်ပျိုးရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဝါးရွက်များအတွင်းရှိ ဓာတုဗေဒဒြပ်ပေါင်းများ ပါဝင်မှုအား သုတေသနပြု စမ်းသပ်လေ့လာရန်၊ တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် စီးပွားဖြစ်ဝါးစိုက်ပျိုးရန်အတွက် ဝါးပျိုးပင်များပျိုးထောင်ခြင်း၊ ကြိမ်၊ ဆေးဘက်ဝင်ပရဆေးပင်များနှင့် သစ်ခွများပါရောနှောစိုက်ပျိုးခြင်းတို့အတွက် တတ်နိုင်သမျှ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဝါးစိုက်ခင်း(၁၀၀)ဧကအားလှည့် လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။