ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ပြည်ပနိုင်ငံ(၅)နိုင်ငံသို့ သွားရောက်တာဝန်ထမ်းဆောင် မည့်စီးပွားရေးသံမှူးများ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၃-၂-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျာမနီံ၊ သြစတြေးလျ၊ ဘရာဇီးလ်၊ တောင်အာဖရိကနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ကူမင်းမြို့)များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီးပွားရေးသံမှူး(၅)ဦးအား ယနေ့ ၃-၂-၂၀၂၀ရက်နေ့၊ (၁၀:၀၀)နာရီ တွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ၊ အမြဲတမ်းအတွင်းဝန် များဖြစ်ကြသော ဦးခင်မောင်ရီ(ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ) နှင့် ဦးမင်းမင်းဦး (သတ္တုရေးရာ) ၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးလှမောင်သိန်း၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံမှ သစ်နှင့်သစ်တောထွက်ပစ္စည်း နိုင်ငံတကာကုန်သွယ်မှုအခြေအနေများ၊ သစ်တင်ပို့ရောင်းချရာတွင် ရေရှည်တည်တံ့သည့် သစ်တောစီမံအုပ်ချုပ်မှုဖြင့် ထုတ်လုပ်သည့်သစ်ဖြစ်ကြောင်း ထောက်ခံချက်ပေးရန်နှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရန်အတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုထိန်းချုပ်ရေးဆိုင်ရာ အစီအမံများ၊ သစ်၊ ရွှေနှင့် အခြားသတ္တုများ တင်သွင်းခြင်းဆိုင်ရာမူဝါဒများ၊ သစ်တောကဏ္ဍ၊ ပုလဲအပါအဝင် သတ္တုကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများနှင့် ခွင့်ပြုလုပ်ငန်း အမျိုးအစားများ၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ တားမြစ်ချက်များ၊ ပြန်လည်ပြုပြင်ထားသည့် ပလပ်စတစ်ပစ္စည်း တင်သွင်းခြင်းနှင့်ပတ်သက်၍ ဆက်နွယ်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ နိုင်ငံ ၅ နိုင်ငံနှင့် ပတ်ဝန်းကျင်နှင့်သစ်တောရေးရာကဏ္ဍ၊ သတ္တုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြောင်း သတင်းရရှိသည်။