မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H. E. Mr. Ly Quoc Tuan ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၈-၃-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H. E. Mr. Ly Quoc Tuan အား ယနေ့ ၁၈-၃-၂၀၂၀ ရက်နေ့၊ (၁၀:၀၀) နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်  ဦးခင်မောင်ရီ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း နှင့် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်နိုင်ရေး၊ စက်မှုဇုန်တွင် သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ သစ်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တင်ဒါစနစ်ဖြင့် ဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံအကြား သစ်တောစီမံအုပ်ချုပ်မှုနှင့်သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။