ခါကာဘိုရာဇီအမျိုးသားဥယျာဉ်မှဝန်ထမ်းများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၊ ဥယျာဉ်၏ အတန်းအစားကောင်းမွန်ကြောင်း သတ်မှတ်နိုင်သည့် အချက်အလက်များ တွေ့ရှိ

သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်မှဝန်ထမ်းများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ပူးပေါင်း၍ ဥယျာဉ်အတွင်းရှိ ထရင်ချောင်းဖျား၊ ဂဝိုင်ရွာအရှေ့ဘက်၊ တဇွန်ဒမ်း-တဆူထု (La-ongMadin)​ တောင်ကြောတစ်လျှောက် ဧရိယာများတွင် ကင်မရာထောင်ချောက်များ တပ်ဆင်၍ စောင့်ကြည့်ခြင်း၊ ငှက်ပိုက်ထောင်၍ မျိုးစိတ်ခွဲခြင်း၊ ငှက်ကြည့်ခြင်း၊ ဓါတ်ပုံမှတ်တမ်းတင်ခြင်း၊ တိရစ္ဆာန်ခြေရာနှင့်အမှတ်အသားများစာရင်းကောက်ခြင်း စသည့် သုတေသနလုပ်ငန်းများကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ်၊ ဧပြီလအထိ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြပါသည်။ 

ထိုသို့ဆောင်ရွက်ခဲ့ရာ ကင်မရာထောင်ချောက်များ တပ်ဆင်သည့်ဧရိယာများအတွင်း တောရိုင်းတိရစ္ဆာန်သွားလာမှု ကောင်းမွန်သောလမ်းကြောင်းများ၊ ဝါးညှောင့်ထောင်ချောက်များနှင့်ကြော့ကွင်းများ တွေ့ရှိရပြီး သားမင်း၊ တောင်ဆိတ်နီ၊ တောင်ဆိတ်၊ ဂျီနက်၊ ဝက်ဝံ၊ ပန်ဒါနီနှင့် ဖျံတို့၏ ခြေရာ၊ မစင်နှင့် သစ်ပင်ပင်စည်တို့၌ ကုတ်ခြစ်ထားသည့်အရာများနှင့် အမွှေးအနည်းငယ်တို့ ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်း ပျံ့နှံ့ကျက်စားနေသည့်သားမင်း၊ တောင်ဆိတ်၊ တောဆိတ်၊ ဂျီနက်စသည့် တောရိုင်းတိရစ္ဆာန်များသည် တော၏အတန်းအစားကောင်းမွန်ကြောင်း ညွှန်ပြသည့်တောရိုင်းတိရစ္ဆာန် (Indicator Specises) များဖြစ်ရာ ၄င်းတို့ကို တွေ့ရှိရခြင်းအားဖြင့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၏ အတန်းအစားသည် ကောင်းမွန်ကြောင်း သတ်မှတ်နိုင်သည့်အပြင် ရရှိလာသော အချက်အလက်များ၊ တွေ့ရှိရသော မှတ်တမ်းဓါတ်ပုံများအရ အမျိုးသားဥယျာဉ်ကို စီမံအုပ်ချုပ်နိုင်မည့် အုပ်ချုပ်မှုစီမံချက်များကို ရေးဆွဲနိုင်မည့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သတင်းရရှိပါသည်။

ရင်းမြစ် - သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာန။