စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးကျင်းပ

၂၉.၁.၂၀၁၅၊ နေပြည်တော်။

စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီလ၂၉ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီက ကျင်းပရာ အစည်းအဝေးသဘာပတိအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် တွဲဖက်သဘာပတိအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ် အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ် Mr. James Nugent တို့က ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများက အဖွင့်အမှာစကား ပြောကြားပြီး သဘာဝသယံဇာတများ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  အဓိကအချက်များကို ဗီယက်နမ်နိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Hoang Viet Khang၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေးကော်မတီ ဥက္ကဋ္ဌ Dr. Erik Solhein ကလည်း​ကောင်း၊ GIST Advisory မှ CEO Founder တည်ထောင်သူ Mr. Pavan Sukhdev ကလည်း​ကောင်း အသီးသီး အမှာစကား ​ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ အမှာစကား ပြောကြားရာတွင် တွဲဖက်ငွေကြေး ထောက်ပံ့သည့် အဖွဲ့အစည်း (co-financing partners) မှ ကိုယ်စားလှယ် တစ်ဦးကလည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တစ်ဦးကလည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်းအတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်တစ်ဦးကလည်းကောင်း၊ အခြားဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ မိတ်ဖက်များမှ ကိုယ်စားလှယ်တစ်ဦးကလည်းကောင်း အသီးသီး အမှာစကား ပြောကြားခဲ့ပြီး သဘာဝရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်မှ ထွက်ပေါ်ရရှိလာသည့် ရလဒ်များကို ကိုယ်စားလှယ်တစ်ဦးကလည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲနယ်မြေများဆိုင်ရာ ဖိုရမ်မှ ထွက်ပေါ်လာသည့် ရလဒ်များကို ကိုယ်စားလှယ် တစ်ဦးကလည်းကောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ လူငယ်အစည်းအဝေးမှ ထွက်ပေါ်ရရှိလာသည့် ရလဒ်များကို ကိုယ်စားလှယ်တစ်ဦးကလည်းကောင်း အသီးသီး တင်ပြကြသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး အစီရင်ခံစာကို တင်ပြရာတွင် ဇန်နဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး သဘာပတိဖြစ်သူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက အစည်းအဝေးဆိုင်ရာ အစီရင်ခံစာကိုလည်းကောင်း၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများက အကြံပြုသဘောထား မှတ်ချက်များကိုလည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဝန်ကြီးများ ပူးတွဲကြေညာချက်အားလည်းကောင်း အသီးသီးတင်ပြကြပြီး မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများက သဘောထားမှတ်ချက်ပေးခြင်း၊ ဝန်ကြီးများ ပူးတွဲကြေညာချက်ကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို Retreat Room ၌ ကျင်းပရာ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီး ၂ ဦး၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီး ၂ ဦး၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ဗဟိုဌာနမှ တာဝန်ရှိသူနှင့် အဆင့်မြင့်အရာရှိကြီး ၂ ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၂၅ ဦး တက်ရောက်ခဲ့ကြသည်။

ထို့အပြင် Listening Room ၌ အစည်းအဝေးတစ်ရပ်ကျင်းပရာ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ဗဟိုဌာနမှ ကိုယ်စားလှယ် ၃ ဦးစီ စုစုပေါင်း ကိုယ်စားလှယ် ၂၅ ဦး တက်ရောက်ခဲ့ကြပြီး မဟာမဲခေါင်ဒေသနိုင်ငံများမှ ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စရပ်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမူဘောင် အကောင်အထည်ဖော်မှု စီမံချက် (Regional Investment Framework Implementation Plan 2014-2018) ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ် Mr. james Nugent တို့မှ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ သဘာဝအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်၊ ဇီဝမျိုးစုံမျိုးကွဲနယ်မြေဆိုင်ရာ ဖိုရမ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာလူငယ် အစည်းအဝေးဆွေးနွေးချက်များမှ ထွက်ပေါ်ရရှိခဲ့သည့် ရလဒ်များကိုလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်က ကျင်းပခဲ့သည့် သဘာဝရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များနှင့် ထွက်ပေါ်ရရှိသည့် ရလဒ်များကိုလည်းကောင်း၊ ဇန်နဝါရီ ၂၉ ရက်၊ နံနက်ပိုင်းတွင် ကျင်းပခဲ့သည့်  စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ အစည်းအဝေးမှ ဆွေးနွေးချက်များနှင့် ထွက်ပေါ်ရရှိလာသည့် ရလဒ်များကို ပြည်တွင်းပြည်ပ မီဒီယာ အဖွဲ့များအား ရှင်းလင်းကြောင်း သတင်းရရှိသည်။