နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ၂၄-၄-၂၀၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ

 

သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာများမှ သတင်းထောက်များ တက်ရောက်ကြသည်။

တရားမဝင်သစ်ခုတ်လှဲမှု တားဆီးကာကွယ်ရန် ဆောင်ရွက်တရားမဝင် သစ်ခုတ်လှဲမှု တားဆီး ကာကွယ်ရန်ဆောင်ရွက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက တရားမဝင် သစ်ခုတ်လှဲမှု တားဆီးကာကွယ်ရန် လက်ကိုင်စက်လွှ(Chain Saw) များ ပြည်ပမှတင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ထိန်းချုပ်ခြင်း၊တရားမဝင် ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း ၅၀ဝ၂၆တန် ဖမ်းဆီးနိုင်ခြင်း၊ ဥရောပသမဂ္ဂနိုင်ငံများသို့ တရားဝင်သစ်တင်ပို့ရာတွင် တရားမဝင်သစ်ခိုးထုတ်မှုနှင့် ကုန်သွယ်မှုကို တိုက်ဖျက်တားဆီးရန် Forest Law Enforcement, Governance and Trade Voluntary Partnership Agreement (FLEGT VPA) လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

သစ်တောများ ပြန်လည်တည်ထောင်ရာတွင်ပြုန်းတီးသွားသည့်သစ်တောများ ပြန်လည်စိုက်ပျိုး ပြုစုထိန်းသိမ်းခြင်းဖြင့် မူလသဘာဝတောများကဲ့သို့ ဂေဟစနစ် ပြန်လည်ရရှိပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချသက်သာစေရန်၊ ရေရှည်တည်တံ့သည့် သစ်တောစီမံအုပ်ချုပ်မှုကို ရရှိစေရန်နှင့် နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုရန်ရေရှည်မျှော်မှန်းချက်ထား၍ ဆောင်ရွက်နေပါကြောင်း။

သဘာဝနယ်မြေများ စီမံအုပ်ချုပ်ရာ၌ ခါကာဘိုရာဇီကို ကမ္ဘာ့အမွေအနှစ် နယ်မြေ (World Heritage Site) နေရာတစ်ခုအဖြစ် တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိခြင်း၊ ယူနက်စကိုအဖွဲ့၏ လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and the Bioshphere Reserve Programme-MAB) အဖြစ် အင်းတော်ကြီးကန်ဒေသအား အဆိုပြုတင်ပြခြင်း၊ ရေဝပ်ဒေသထိန်းသိမ်းရေး ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ကမ္ဘာလုံးဆိုင်ရာရေဝပ်ဒေသနယ်မြေ (Ramsar Site) စာရင်းဝင်ဖြစ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျောက်မျက်လုပ်ကွက်အသစ်များ ရပ်ဆိုင်းထား ဓာတ်သတ္တုနှင့် ကျောက်မျက်ရတနာများကို အကန့်အသတ်ဖြင့် တူးဖော်ထုတ်လုပ်ရာ၌ ၂၀၁၆ ခုနှစ် မတ် ၁ ရက်မှစ၍ ကျောက်မျက်လုပ်ကွက်အသစ်များ ထပ်မံ၍ခွင့်ပြုမိန့်ချထားပေးခြင်းများ မပြုလုပ်ဘဲ ရပ်ဆိုင်းထားရှိခြင်း၊ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များကိုလည်း ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ထပ်မံသက်တမ်းတိုးခွင့်မပေးဘဲ လစ်လပ်လုပ်ကွက်များအဖြစ် မှတ်တမ်းတင်ထားရှိခြင်း၊ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှစ၍ ဓာတ်သတ္တုလုပ်ကွက်အသစ်များထပ်မံ၍ ခွင့်ပြုမိန့်ချထားပေးခြင်းများမပြုလုပ်ဘဲ ရပ်ဆိုင်းထားရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

အနာဂတ်အတွက် အရန်သတ္တုသိုက်များ သတ်မှတ်ထားရာ၌ ကျောက်မီးသွေးကဏ္ဍအနေဖြင့် ၁၁၆၈၃၄၅ဧက ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၈၆၅၄၄၂ ဧက၊မကွေးတိုင်းဒေသကြီးတွင် ၃၀၂၉၀၃ ဧက ရှိကြောင်း၊ဂရပ်ဖိုက်ကဏ္ဍအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင်ဧက ၁၁၁၀ဝ၊ သံသတ္တုကဏ္ဍအနေဖြင့် (ကချင်ပြည်နယ်)တွင် ၈၀၄၇ ဧက စုစုပေါင်း အရန်သတ္တုသိုက် ၁၁၈၇၄၉၂ဧက ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

သယံဇာတများ ကန့်သတ်စနစ်ဖြင့် ထုတ်ယူနေသယံဇာတတူးဖော်မှုနှင့်ပတ်သက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က သယံဇာတများကို သားစဉ်မြေးဆက်ခံစားနိုင်အောင် ကန့်သတ်စနစ်ဖြင့် ထုတ်ယူနေပါကြောင်း၊ ကျောက်မျက်လုပ်ကွက် အသစ်များကို ထပ်မံချထားပေးခြင်း မပြုတော့ပါကြောင်း၊ သက်တမ်းကုန်ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်များကို သက်တမ်းတိုး မပေးတော့ဘဲ လစ်လပ်လုပ်ကွက်အဖြစ် မှတ်တမ်းတင်ထားရှိပါကြောင်း၊ သတ္တုလုပ်ကွက်များနှင့်ပတ်သက်၍လည်း လုပ်ကွက်အသစ်များ လျှောက်ထားခြင်းကို ခွင့်မပြုတော့ဘဲ ယာယီရပ်ဆိုင်းထားရှိပါကြောင်း၊ သတ္တုတွင်းနည်းဥပဒေထုတ်ပြန်ပြီးပါက သတ္တုလုပ်ကွက်သစ်များ လျှောက်ထားခြင်းကို ပြန်လည် စဉ်းစားသုံးသပ်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်မှုနှင်စပ်လျဉ်း၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းကကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကို တိုင်းရင်းသားကုမ္ပဏီကိုသာ လုပ်ကိုင်ခွင့်ပေးပါကြောင်း၊ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် အချောထည်လက်ဝတ်ရတနာ ထုတ်လုပ်သည့် လုပ်ငန်းများကိုသာလုပ်ကိုင် ခွင့်ရပါကြောင်း ဖြေကြားသည်။

သစ်တောများ ထိန်းသိမ်းဆောင်ရွက်လျက်ရှိ သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က သစ်တောများ ထိန်းသိမ်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင်မိမိတို့နိုင်ငံ ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို အမြဲတမ်းသစ်တောနယ်မြေအဖြစ် ဖွဲ့စည်းနိုင်ရန် စီမံချက်ချဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကိုလည်း နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိတိုးချဲ့ ဖွဲ့စည်းရန် စီမံလျက်ရှိပါကြောင်း၊ သစ်တောများကိုခုတ်ထွင်ရှင်းလင်းခြင်း ခွင့်မပြုပါကြောင်း၊ ရှိနေသည့်သစ်တောများကို ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်း၊ သဘာဝတောများ မူလအတိုင်းရှိပါကမျိုးဆက်ပင်များကောင်းအောင်ဆောင်ရွက်ခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်းများ၊ ပြုန်းတီးသွားသော တောများအားသစ်တောစိုက်ခင်းများအဖြစ် ပြန်လည် စိုက်ပျိုးခြင်းများကိုစီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။ (၂၅-၄-၂၀၁၇ ၊ ကြေးမှုံသတင်းစဉ်)