သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ၏(၁၃.၅.၂၀၁၇) ပြည်တွင်းခရီးစဉ်သတင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် (၁၃.၅.၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျှက် မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာ၏ ​မြောက်ဘက် (၃)မိုင်ခန့် အကွာ၊ ကူပြင်ကြိုးဝိုင်းအတွင်းရှိ ရွှေတောင်ကုမ္ပဏီ၏ အပါချီဘိလပ်မြေစက်ရုံသို့သွား ရောက်စစ်ဆေးခဲ့ရာ စက်ရုံဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပျိုးဥယျာဉ်တည်ထောင်ထားရှိမှု၊ စက်သုံးဆီသိုလှောင်ကန်များမှ စွန့်ပစ်အညစ်အကြေးများ သဘာဝရေချောင်းများ အတွင်း တိုက်ရိုက်စီးဝင်စေခြင်းမရှိစေရေး သန့်စင်စနစ်တည်ဆောက် နေမှုများ၊ ဝန်ထမ်းများနှင့် ဒေသခံများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးရန် ဖွင့်လှစ် ထားသည့် စက်ရုံရှိ ဆေးခန်း တို့အားဦးစွာစစ်ဆေးကြည့်ရှု့ခဲ့ပါသည်။ 

ထို့နောက် ကုမ္ပဏီမှ တာဝန်ရှိသူများမှ စက်ရုံ ရုံးခန်းအတွင်း ဘိလပ်မြေစက်ရုံ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများအား  အဆောက်အဦများ  တည်နေရာပြ     Model နှင့် အတူ ပြည်ထောင်စုဝန်ကြီးအားရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကူပြင်ကြိုးဝိုင်းအတွင်း ဘိလပ်မြေ စက်ရုံအတွက် ထုံးကျောက်တူးဖော်နေသည့် လုပ်ကွက်အားသွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။ ထိုကဲ့ သို့ စစ်ဆေးရာတွင် ထုံးကျောက် ကုန်ကြမ်းအရည်အသွေး စံချိန်စံညွှန်းများနှင့် အညီဖြစ်စေရေးနှင့် တူးဖော်ရရှိသည့်ကုန်ကြမ်းများ အပြည့်အဝအသုံးချနိုင်ရေးအတွက် စမ်းသပ်တွင်းများ တူးဖော်၍ ဆောင်ရွက်ခြင်း၊ တူးဖော်ရာတွင်လည်း စက်ယန္တရားများ စနစ်တကျ သုံးစွဲခြင်းနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိခြင်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြည်ထောင်စုဝန်ကြီးအားအသေးစိတ်ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိလပ်မြေစက်ရုံတည်ဆောက်ထားသည့် ကူပြင်သစ်တောကြိုးဝိုင်းအတွင်း မြေအသုံးချမှုများနှင့် ရေဝေရေလဲဧရိယာအလိုက် သဘာဝရေချောင်း များစီးဆင်းနေမှုနှင့် စက်ရုံမှ အခိုးအငွေ့ထုတ်လွှတ်နေမှုများအား ထုံး ကျောက်တူးဖော်ရာ တောင်ပေါ်မှု ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံမှထုတ်လုပ်သည့် ဘိလပ်မြေ အား အရည်အသွေး စောင့်ကြည့်စမ်းသပ်တိုင်တာခြင်းလုပ်ငန်း ဆောင်ရွက်သည့် ဓါတ်ခွဲခန်းအပါအဝင် ဘိလပ်မြေစက်ရုံအတွင်း လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရွှေတောင်ကုမ္ပဏီ၏တာဝန်ရှိသူမှ စက်ရုံရုံးခန်းအတွင်းအပါချီဘိလပ်မြေစက်ရုံအနေဖြင့်ကမ္ဘာ့ဘဏ်၏အဖွဲ့ခွဲတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(International Finance Cooperation)၏ သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော လုပ်ဆောင်မှု စံသတ်မှတ် ချက် များနှင့်အညီဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်မှုများနှင့် လုပ်ငန်းလိုအပ်ချက်များ အားရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ စက်ရုံအတွင်း လုပ်သားများအတွက် ကျန်းမာရေး၊ စားသောက်နေထိုင်ရေးများ ဖြည့်ဆည်းပေးခြင်းဖြင့် ကောင်းမွန်သောလုပ်ငန်းခွင် ဖြစ်စေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝသယံဇာတများ တူးဖော်သုံးစွဲရာတွင် တတ်နိုင်သမျှအနည်းဆုံးတူးဖော်၍ ထိထိရောက်အသုံးချနိုင်အောင် ဆောင်ရွက်ရေး၊ ထုတ်လုပ်မှု နှင့် သယ်ယူပို့ဆောင်မှု လုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရှိ လေထု၊ ရေထုနှင့် မြေထု များထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ရေး၊ ရေနှင့် မြေဆီလွှာ ထိန်းသိမ်း ရေးအတွက် ဒေသနှင့်ကိုက်ညီပြီး ဘက်စုံအသုံးဝင်သည့် အပင်များစိုက် ပျိုးရေး၊ ကမ္ဘာ့ဘဏ်၏ စံသတ်မှတ်ချက်များနှင့်အညီ အတိအကျလိုက်နာဆောင်ရွက်နိုင်ရေး တို့အတွက် ဆွေးနွေးမှာ ကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့်အတူ မိတ္ထီလာ-တောင်ကြီးကာလမ်း မိုင်တိုင်အမှတ်(၅၄/၃)အနီး၊ ကလောမြို့နယ်၊ နန့်ပန်တက် ကျေးရွာမှ (၂)မိုင်ခန့်အကွာ ၊ ဝက်ဖြူရေကြိုးဝိုင်းအတွင် မြေဧရိယာ(၉၀၀)ဧကအတွင်း ရှမ်းရိုးမ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း တည်ထောင်မည့်နေရာအားသွားရောက် စစ်ဆေးကြည့်ရှု့ခဲ့ပါသည်။

ထိုကဲ့သို့ သွားရောက်စစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရှမ်းရိုးမဆင်ထိန်းသိမ်းရေးစခန်း၌ မြန်မာ့ သစ်လုပ်ငန်းမှ ဝန်တင်ဆင်၊ ဆင်အိုနှင့် ဆင်ငယ်များထားရှိပြီး အများ ပြည်သူ လာရောက်လည်ပတ် အပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆင်စခန်းအတွင်း ဆင်ဝိုင်း (၂)ဝိုင်း၊ စုစုပေါင်း ဆင်(၁၂)ကောင်ခန့် ထားရှိနိုင်ရေးနှင့် ဆင်များအတွက် အစားအစာနှင့်ရေ တစ်နှစ်ပတ်လုံး ဖူလုံမှုရှိစေရန်၊ အများပြည်သူ အလွယ်တကူ လာရောက် လည်ပတ် အပန်း ဖြေနိုင်သည့်နေရာဖြစ်ရန်အတွက် ဦးစားပေး ရွေးချယ်မည်ဖြစ်ပါကြောင်း၊ ဆင်စခန်းအတွင်း ဆင်များ၏ သဘာဝအလျှောက်နေထိုင် ကျက်စားပုံကို လေ့လာခြင်း၊ ဆင်စီးခြင်းများ အပြင် တောတွင်းလျှောက်လမ်းများ ဖောက်လုပ်၍ လာရောက် လည်ပတ်အပန်း ဖြေသူများအား စွဲဆောင်မှုရှိအောင်ဆောင် ရွက်ရန်အကြံပြုပါကြောင်း၊ ဆင်ဝန်ထမ်းများနေထိုင် စားသောက်ရေး နှင့် လာရောက် လည်ပတ်အပန်းဖြေသူများ သက်တောင့်သက်သာနားနေနိုင်ရေးအတွက် အခြေခံ အဆောက် အဦးများကို နှစ်အလိုက်စီမံချက်ဖြင့်ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဆင်ထိန်း သိမ်းရေး စခန်းဖွင့်လှစ်နိုင်ရေးနှင့် လုပ်ငန်းအောင်မြင်မှုများရရှိရေးတို့ အတွက် ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွား ရန်နှင့် လိုအပ်ချက်များရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြရန် ဆွေးနွေးပြောကြား ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာ အနီး Green Hill Vally ကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် ဆင်ထိန်းသိမ်းစခန်းအား ဝင်ရောက် လေ့လာ ကြည့်ရှု့ခဲ့ပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ တောင်လေး လုံးကြိုးဝိုင်းအတွင်းရှိ တောင်လေးလုံးသစ်တောသုတေသနစခန်းသို့ရောက်ရှိခဲ့ရာ ဟိုတယ် နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်အတူ တောင် လေးလုံးသုတေသနစခန်း ဧည့်ရိပ်သာ၌ အင်းလေးကန်အတွင်း နုန်ုးပို့ချမှုလျော့နည်း သက်သာစေရန် ရေဝေရေလဲ ဒေသများ ထိန်းသိမ်းကာကွယ်ရေးနှင့်စပ်လျဉ်း၍ တောင်လေး လုံးဒေသမှ အင်းတိန်ဒေသအထိ တောင်ကြောတစ်လျှောက် ၂၀၁၇ ခုနှစ်မိုးရာသီတွင် သစ်တောဦးစီးဌာန၊ ဒေသခံပြည်သူများ နှင့် အသင်းအဖွဲ့များစုပေါင်း၍ သစ်ပင် (၅၀၀၀၀) စိုက်ပျိုးမည့် စီမံချက်အား ဆွေးနွေးတိုင်ပင်ခဲ့ပြီး စခန်းအတွင်းပြုစုပျိုးထောင်ထားသော ၂၀၁၇ခုနှစ် မိုးရာသီလူထုဖြန့် ပျိုးပင်များအား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်သို့ အဆိုပါနေ့ ညပိုင်းတွင်ပြန်လည် ရောက်ရှိကြောင်းသတင်းရရှိပါသည်။