ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID/UKAid) ၏ အခြေခံ အဆောက်အအုံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Ms. Kirstyn Thomson မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID/UKAid) ၏ အခြေခံ အဆောက်အအုံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Ms. Kirstyn Thomson အား ၂၈-၆-၂၀၁၇ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၊ ရုံးအမှတ်(၂၈) ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြေတိုင်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိန်ထွန်းလင်း တို့တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ရေသယံဇာတ ရေရှည် တည်တံ့ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဂျပန်အစိုးရအကူအညီဖြင့် သက်ဆိုင်ရာ စည်ပင်ဌာနများနှင့် ပူးပေါင်း၍ ရန်ကုန်မြို့အနီးရှိ လှိုင်မြစ်နှင့် မန္တလေးမြို့အနီးရှိ ဒုဋ္ဌဝတီမြို့ များရှိ မြစ်ရေညစ်ညမ်းမှုပမာဏကို ခေတ်မီကိရိယာများဖြင့် စောင့်ကြည့် စစ်ဆေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် မြေယာမူဝါဒ ရေးဆွဲကျင့်သုံးမည့် အစီအစဉ်များ စသည့်တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။