သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ရန်ကုန်မြို့ရှိ ဘရာဇီးနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Antonio J.M. de Souza e Silva မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့ရှိ ဘရာဇီးနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Antonio J.M. de Souza e Silva အား ၂၅-၇-၂၀၁၇ ရက်နေ့၊ (၀၉:၁၅) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသောင်းနိုင်ဦးတို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား လျော့ကျခြင်းမှ ကာဗွန်ထုတ်လုပ်မှု လျော့ချရေး (REDD+) ဆိုင်ရာ ဘရာဇီးနိုင်ငံလေ့လာရေးခရီးစဉ်အတွင်း ဆွေးနွေးရရှိချက်များမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဘရာဇီးနိုင်ငံ၏ သစ်တောပြုစုထိန်းသိမ်းခြင်း အတွေ့အကြုံများအား နမူနာယူ၍ ပဲခူးရိုးမတွင် သစ်တောများ ပြန်လည်ပြုစုထိန်းသိမ်းခြင်း စီမံကိန်းတွင် သင့်လျော်သလို ထည့်သွင်းအသုံးပြုသွားမည့်ကိစ္စများ၊ မြန်မာနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့ရှိ ကုလသမဂ္ဂ ဖွံဖြိုးမှုအစီအစဉ်နှင့် သစ်တောဦးစီးဌာနတို့အကြား South-South Trilateral Cooperation ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။