သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြည်တွင်း ခရီးစဉ်သတင်း

နေပြည်တော်၊ ၁၈-၉-၂၀၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စက်တင်ဘာ ၁၆ နေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် - တောင်တွင်းကြီး ပဲခူးရိုးမဖြတ်လမ်း ၊ နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ် ၊ ငလိုက်ကြိုးဝိုင်းအကွက် အမှတ်(၇၂) တွင် တည်ထောင်ထားရှိသည့် ကျွန်းမျိုးသန့်ဥယျာဉ် ၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ်(၂၄)ရှိ ကျွန်းမျိုးပွားနည်း နှိုင်းယှဉ်လေ့လာစမ်းသပ်ကွက်များအားကြည့်ရှုစစ်ဆေးသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောသုတေသနဌာန ၊ မိုးစွေသုတေသနစခန်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ သုတေသီများနှင့် တွေ့ဆုံ၍ သစ်မျိုးသန့်ပြန့်ပွားခြင်း ၊ မျိုးကောင်းမျိုးသန့် သစ်စေ့နှင့် ပျိုးပင်ထုတ်လုပ်ခြင်းသုတေသနပြု လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပလွေးကြိုးဝိုင်း အကွက်အမှတ်(၇၆)ရှိ ၂၀၁၇ ခုနှစ် ၊ မိုးရာသီတွင် သစ်တောဦးစီးဌာနကတည်ထောင်စိုက်ပျိုးခဲ့သည့် စီးပွားရေးကျွန်းစိုက်ခင်း(၁၀၀) ဧက အားကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးဧကပြည့်မီရေး ၊ စိုက်ပင်များ ရှင်သန်စေရေးနှင့် စိုက်ပင်ကြီးထွား သန်မာစေရေးတို့အတွက် ဆောင်ရွက်ရမည့်အချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆက်လက်ထွက်ခွာ၍ တောင်တွင်ကြီးမြို့နယ် ၊ ဝံအော်ကြီးစခန်းသို့ ရောက်ရှိကာလာမည့်နှစ်စိုက်ခင်းများတည်ထောင် ဆောင်ရွက်မှုအခြေအနေ၊ ဝန်ထမ်းများတာဝန်ချထားမှု ၊ သောက်သုံးရေဖူလုံစေရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်းအားရောက်ရှိရာဗိဿနိုးရှေ့ဟောင်း သုတေသနပြတိုက်ရှင်းလင်းဆောင်၌ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသာ ပြတိုက်ဦးစီးဌာန ၊ ဦးစီးအရာရှိဒေါ်စုလှိုင်ဌေးက ဗိဿနိုးမြို့ဟောင်း တည်နေရာနှင့် တူးဖော်မှုသမိုင်း၊ ကာတာနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၈)ကြိမ်မြောက်ကမ္ဘာ့ အမွေအနှစ် ကော်မတီညီလာခံက ကမ္ဘာအမွေအနှစ် ပျူရှေ့ဟောင်းမြို့အဖြစ် အတည်ပြုသတ်မှတ်နိုင်မှုကို လည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းက ဗိဿနိုးကြိုးပြင် ကာကွယ်တောအတွင်း စိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၊ ကွက်လပ်ဖြည့်စိုက်ခင်းနှင့် သဘာဝတာထိန်း သိမ်းဆောင်ရွက်မှု၊ ရေရရှိရေးအတွက် ရေကန်တူးဖော်ဆောင်ရွက်မှုအခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်၊ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။

စက်တင်ဘာ ၁၇ နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့၊ မြန်မာ့သစ်လုပ်ငန်းဧည့်ရိပ်သာ၌ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများအားတွေ့ဆုံ၍ ၂၀၁၇- ၁၈ ခုနှစ်၊ သစ်ထုတ်လုပ်မည့် အစီအစဉ်အပေါ်ဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းသည် ၊ ပြည်ထောင်စုဝန်ကြီးက အရင်းအနှီးအနည်းဆုံးဖြင့် စီးပွားရေးတွက်ချေကိုက်အောင် ထုတ်လုပ်ရန် ၊ စီးပွားရေးအကျိုးအမြတ်ထက် သယံဇာတအမြစ်များ ရေရှည်တည်တံ့စေရေးအထူး အလေးထားဦးစားပေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားကြောင်းသိရသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဂျာမန်ရုက္ခဗေဒပညာရှင် ဒေါက်တာဘရန်ဒစ် ၁၈၅၇ ခုနှစ် ကပြည်မြို့၊ ပြည်ကျွန်းကြိုးဝိုင်းအတွင်း တည်ထောင်စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်းအတွင်း ကြည့်ရှုစစ်ဆေး၍ ဆောင်ရွက်ရမည့် သစ်တောလုပ်ငန်းများအား လမ်းညွှန်မှာကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့မှ ဆက်လက်ထွက်ခွာ၍ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းပေါ်ရှိ ကျွန်းတစ်သျှူးစမ်းသပ်စိုက်ခင်း နှင့် ၂၀၁၇-၁၈ ခုနှစ်၊ စီးပွားရေး ကျွန်းစိုက်ခင်း (၁၀၀)ဧကတို့အား စိုက်ပျိုးပြုစုဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ရန်ကုန်မြို့သို့ ထွက်ခွာ၍ မှော်ဘီမြို့နယ်၌ ဆောင်ရွက်လျက်ရှိသည့် အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း တည်ထောင်ခြင်းစီမံကိန်းသို့ ရောက်ရှိ၍ သင်တန်းကျောင်းဆောက်လုပ်မှုအခြေအနေအား ကြည့်ရှု စစ်ဆေးသည်။ ယင်းသင်တန်းကျောင်းသည် မြန်မာနိုင်ငံသာမကAFoCOအဖွဲ့ဝင် နိုင်ငံများအတွက် သစ်တောကဏ္ဍ ၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ၊ အာဆီယံ ဒေသသစ်တောသယံဇာတထိန်းသိမ်းကာကွယ်ခြင်း နှင့် စဉ်ဆက်မပြတ်သစ်တော စီမံအုပ်ချုပ်ခြင်း လုပ်ငန်းများ အတွက်အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။