ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် မာကျူရီ(ပြဒါး) ဆိုင်ရာ မီနာမားတား ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ ပထမအကြိမ် အစည်းအဝေး၏ High Level Segment အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် မာကျူရီ(ပြဒါး) ဆိုင်ရာ မီနာမားတား ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ ပထမအကြိမ် အစည်းအဝေး၏ High Level Segment အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် သည့်သတင်း

၂-၁၀-၂၀၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သောအဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော မာကျူရီ(ပြဒါး) ဆိုင်ရာ မီနာမားတား ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ ပထမအကြိမ် အစည်းအဝေး၏ High Level Segment အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၂၀၀) ကျော် တက်ရောက်ခဲ့ပြီး အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ကွန်ဗင်းရှင်း၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (High Level Segment) ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အပါအဝင် နိုင်ငံတကာမှ ဝန်ကြီးအဆင့် ပုဂ္ဂိုလ်(၈၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (High Level Segment) သည် ကွန်ဗင်းရှင်း အာဏာသက်ဝင်သည့် အထိမ်းအမှတ်အနေဖြင့် ပြုလုပ်ကျင်းပသည့့် အစည်းအဝေးတစ်ခုဖြစ်ပြီး ဒေသအလိုက်ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်း နိုင်သည့် လမ်းစဉ်တစ်ရပ် ချမှတ်နိုင်ရန်၊ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် သဘောတူညီချက်များ ချမှတ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ရရှိနိုင်ရေးအတွက် လက်ရှိ ဆောင်ရွက်လျှက်ရှိသော ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ၊ မာကျူရီ သုံးစွဲမှုကြောင့် လူသားတို့၏ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို လျှော့ချနိုင်ရေး လုပ်ငန်းများနှင့် မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ရေး လုပ်ငန်းများတွင် မာကျူရီသုံးစွဲမှုနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများ ဖြန့်ဝေခြင်းများကို အဖွဲ့ဝင်နိုင်ငံအဖြစ် မဝင်ရောက်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဆွစ်ဇာလန်နိုင်ငံသမ္မတ၊ ပတ်ဝန်းကျင်၊ ပို့ဆောင် ဆက်သွယ်ရေး နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ H.E. Doris Leuthard က ယခု ကွန်ဗင်းရှင်းသည် ဓါတုဒြပ်ပေါင်းများနှင့် စွန့်ပစ်ပစ္စည်းများနှင့် ဆက်နွယ်သည့် သဘောတူညီချက် ဖြစ်သော် လည်း မာကျူရီတစ်မျိုးတည်းကိုသာ အဓိကထား၍ ဆောင်ရွက်သွားမည့် သဘောတူညီချက် ဖြစ်ပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ ၂၁ရာစု အတွင်း ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ဖြစ်ပေါ်လာသော သဘောတူညီချက်တစ်ခု ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မာကျူရီနှင့် မာကျူရီဒြပ်ပေါင်းများ စွန့်ထုတ်နေမှုများကြောင့် ဖြစ်ပေါ်လာသည့် လူသား တို့၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ပြီး မီနာမားတားကွန်ဗင်းရှင်းအား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၅၆ ခုနှစ်၊ ဂျပန်နိုင်ငံ၊ မီနာမားတားမြို့တွင် အဆိုးရွားဆုံး မာကျူရီ အဆိပ်သင့်မှုကြောင့် လူပေါင်း (၉၀၀) ကျော် သေဆုံးခဲ့ရခြင်းကို အမှတ်ရစေရန် ရည်ရွယ်၍ မီနာမားတား ကွန်ဗင်းရှင်း (Minamata Convention) ဟု အမည်ပေးခဲ့ကြခြင်း ဖြစ်သည်။

မီနာမားတားကွန်ဗင်းရှင်းအပေါ် စိတ်ဝင်စားကြောင်း လက်မှတ်ရေးထိုးထားသည့် နိုင်ငံပေါင်း (၁၂၈) နိုင်ငံရှိပြီး ကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားသည့် နိုင်ငံပေါင်း (၈၃) နိုင်ငံရှိပြီးဖြစ်ကာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့တွင် ကွန်ဗင်းရှင်း စတင် အာဏာသက်ဝင်ခဲ့သည်။ အာဆီယံနိုင်ငံများထဲမှ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့မှာ အဆိုပါ ကွန်ဗင်းရှင်းသို့ ဝင်ရောက်ပြီး ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ(၃၀)ရက်နေ့၊ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။