သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကွင်းဆင်းစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်- ဦးကျော်ကျော်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက်၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက စိုက်ပျိုးတည်ထောင်လျက်ရှိသည့် ၂၀၁၆ ခုနှစ် စိုက်ခင်း၊ Group Planting Method စမ်းသပ် စိုက်ပျိုးလျက်ရှိသည့် သစ်မျိုးစုံ စမ်းသပ်ကွက်၊ ပုံတူမျိုးပွား စပ်မျိုးအကေးရှားသစ်မျိုး စမ်းသပ်ကွက်နှင့် ရေဝရေလဲ စိုက်ခင်းများအား ကြည့်ရှုစစ်ဆေး၍ သစ်မျိုးအလိုက် ပြုစုပျိုးထောင်မှု နည်းစနစ်များ၊ ပင်ပူးခွာကိုင်းချိုင် လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် မှာကြားသည်။

ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနက စိုက်ပျိုးပြုစုထိန်းသိမ်း လျက်ရှိ သည့် ၁/၂၀၁၇ စီးပွားရေး ကျွန်းစိုက်ခင်းဧက (၁၀၀) သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးမှ သစ်တော ပြုစုထိန်း သိမ်းခြင်း လုပ်ငန်း လိုအပ်ချက်များ၊ ခွင့်ပြု ဘဏ္ဍာငွေအပေါ် စနစ်တကျ အကျိုးရှိစွာ အသုံးချရန်၊ စိုက်ပျိုး ရာသီအလိုက် ဆောင်ရွက်ရန် လုပ်ငန်းများအား အချိန်မီဆောင်ရွက်ရန်၊ စိုက်ခင်းများ ရှင်သန် အောင်မြင်စေရေး အထူးအလေးထား ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်းအတွင်း စိုက်ပျိုး တည်ထောင်လျက်ရှိသည့် တရုတ်-မြန်မာ ချစ်ကြည်ရေး ဇီဝစံပြ သစ်တောစီမံကိန်း၌ စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် ကျွန်းနှင့် သစ်မာမျိုးစုံစိုက်ခင်း (၁၀၀) ဧကအား ကြည့်ရှုစစ်ဆေး၍ သစ်မျိုးများအလိုက် ရာနှုန်းပြည့် ရှင်သန်မှုရှိစေရေး အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး နေပြည်တော် ကောင်စီ နယ်မြေ ဥတ္တရခရိုင်၊ ဥတ္တရသီရိ မြို့နယ်ရှိ သစ်တောဦးစီးဌာနမှ ၂၀၁၆ ခုနှစ် မိုးရာသီတွင် တည်ထောင် စိုက်ပျိုးခဲ့သည့် ပုဂ္ဂလိကနှင့် ဌာနစိုက်ခင်း များအား ကြည့်ရှု စစ်ဆေးသည်။

နေ့လည်ပိုင်းတွင် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ရောက်ရှိ၍ နေပြည်တော် တောင်ပိုင် သစ်ထုတ်ရေးဒေသမှ တာဝန်ရှိသူများက ဆင်စခန်းတိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအား ဖြည့်စွက်မှာကြားသည်။ ထို့နောက် နေပြည်တော် အမျိုးသားပရဆေး ဥယျာဉ်အား လှည့်လည် ကြည့်ရှု စစ်ဆေး၍ သစ်တောသုတေသနဌာနမှ တာဝန်ရှိသူများက ပရဆေးပင်များ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများ၊ တောအမျိုး အစားအလိုက် ဆေးဘက်ဝင်အပင်များ၊ မြန်မာပြည်တွင်သာ တွေ့ရှိရသည့် ဒေသအလိုက် ထူးခြားသည့်သစ်ခွနှင့် ဆေးဘက်ဝင်အပင်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော် ကောင်စီနယ်မြေ၌ ၂၀၁၇ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပသည့် နေရာများသို့ သွားရောက်၍ အောင်မြင်မှု အခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)