ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးဖြစ်သူ H. E. Mr. Kristian Schmidtနှင့်အဖွဲ့သည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေးသည့် သတင်း

နေပြည်တော်၊ ၂၄-၁၁-၂၀၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးဖြစ်သူ H. E. Mr. Kristian Schmidt နှင့်အဖွဲ့ အား ယနေ့ ၂၄-၁၁-၂၀၁၇ ရက်နေ့၊ (၁၃:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂ အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိသည့် သစ်တောဥပဒေစိုမိုးမှု၊ စီမံအုပ်ချုပ်မှုနှင့်ကုန်သွယ်မှု (FLEGT) ဆိုင်ရာကိစ္စရပ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာရေးဆွဲဆောင်ရွက်နေမှုများ၊ ပါရီသဘောတူ ညီချက်တွင် မြန်မာနိုင်ငံအနေဖြင့် သစ်တောကဏ္ဍနှင့်စွမ်းအင်ကဏ္ဍ၌ ကတိကဝတ်ပြု ထားမှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်နေမှုများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် မြေအသုံးချမှုမူဝါဒဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။