ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သတ္ထုသန့်စင်စက်ရုံများ၊ သစ်တော စိုက်ခင်းများ၊ ဆင်စခန်းများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ ၁၄

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေ ၁၂ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်အတွင်းရှိ တောင်လေးလုံး ကြိုးဝိုင်း၊ အကွက်အမှတ်(၃၀)အတွင်း မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး (၁၀)နှစ် စီမံကိန်းအရ ဆောင်ရွက်လျက်ရှိသော တောင်ယာမီးရှို့ခြင်း မရှိသော Zero Burning Technique ဖြင့် စိုက်ပျိုး တည်ထောင်မည့် ၁/၂၀၁၈ စီးပွားရေး ထင်းရှူးစိုက်ခင်း (၅၀)ဧကစိုက်ခင်း တည်ထောင်ရန် ပြင်ဆင်နေမှုများအား စစ်ဆေးကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘောဆိုင်းဒေသရှိ အမှတ်(၁) သတ္ထုတွင်း လုပ်ငန်းနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိပ်တန်းကြယ်(၁၀)ခုထုတ်လုပ်မှု ကုမ္ပဏီ လီမိတက်၏ အကြီးစားခဲသတ္တုတူးဖော် ထုတ်လုပ်လျက်ရှိသော လုပ်ကွက်နှင့် သတ္ထုသန့်စင်စက်ရုံ၊ မလိခရတနာထုတ်လုပ်မှု ကုမ္ပဏီလီမိတက်၏ ခဲသတ္ထုသန့်စင်စက်ရုံ ၊ တောင်ကြီးသိန်းသတ္ထု တူးဖော်ရေး ကုမ္ပဏီလီမိတက်၏ ခဲသတ္ထုတူးဖော်ထုတ်လုပ်လျက်ရှိသော လုပ်ကွက်နှင့် သတ္ထုသန့်စင်စက်ရုံတို့အား စစ်ဆေးကြည့်ရှုသည်။ ထို့နောက် ကုမ္ပဏီများ၏ သတ္ထုရိုင်းရှာဖွေတွေ့ရှိမှုနှင့် ထုတ်လုပ်နိုင်မှု၊ သန့်စင်သည့်နည်းစနစ်များနှင့် ထုတ်လုပ်နိုင်မည့် ပမာဏ၊ နိုင်ငံတော်သို့ အခွန်အခများပေးသွင်းနိုင်မှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် လုပ်ငန်း လိုအပ်ချက်များအား တာဝန်ရှိသူများမှ ထိပ်တန်းကြယ် (၁၀)ခု ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်၏ ရုံးခန်းတွင် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဘောဆိုင်းဒေသသည် ရှေးနှစ်ပေါင်းများစွာကတည်းက သတ္ထုတွင်းဧရိယာအဖြစ် တည်ရှိခဲ့သည့် နေရာဒေသဖြစ်ကြောင်း၊ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ဟင်းလင်းပွင့်တူးဖော်မှုနှင့် မြေအောက်လိုဏ်ခေါင်းတူးဖော်မှုစနစ် နှစ်မျိုးစလုံးအားတွေ့ရှိခဲ့ရကြောင်း၊ သတ္ထုပါဝင်မှုနှုန်း အနေဖြင့်လည်း စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် အခြေအနေရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် စက်ရုံများမှစွန့်ပစ်သည့် ပစ္စည်းများကို စနစ်တကျ စီမံစွန့်ပစ်ရန် လိုအပ်ကြောင်း၊ နုန်းအနည်အနှစ်များ ပတ်ဝန်းကျင်ရှိ ချောင်းမြောင်းများနှင့် ယာမြေများအပေါ် ကျရောက်မှုမရှိစေရန် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ရာတွင် ရာသီဥတု ပြောင်းလဲခြင်း နှင့်သဘာဝဘေး အန္တရာယ်များကြောင့်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ကိုပါထည့်သွင်း စဉ်းစားရန်လိုအပ်ကြောင်း၊ လုပ်ကွက်အတွင်းရှိ နေရာလပ်များတွင် နှစ်ရှည်ဥယျာဉ်ခြံပင်များ ဖြစ်သည့် ထောပတ်၊ တညင်းစသည့် အပင်များကို စိုက်ပျိုးရန်နှင့် ရေစစ်ကန်များ၏ ကန်ဘောင်များနှင့် မြေပြိုကျ နိုင်မည့်နေရာများတွင် ဗာတီဗာမြက်များအား စိုက်ပျိုးထားရန်၊ ဒေသခံပြည်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့၍ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရှင်းလင်း ဆွေးနွေးခြင်းဖြင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေး ရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွာငံမြို့နယ်၊ ကျောက်ပိစပ်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာ အနီးရှိ စိုင်းဝဏ္ဏသတ္ထုတူးဖော်ရေး ကုမ္ပဏီလီမိတက်၏ ခဲသတ္ထုတူးဖော်ထုတ် လုပ်လျက်ရှိသော လုပ်ကွက်သို့ ရောက်ရှိစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ မြေအောက်လိုဏ်ခေါင်း စနစ်ဖြင့် တူးဖော်ထုတ်လုပ်နေမှု၊ သတ္တုကြော ရှာဖွေတွေ့ရှိမှုများအား လက်တွေ့လိုက်လံရှင်းလင်း ပြသသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာငံမြို့နယ်ရှိ အောင်ပန်း-ရွာငံ ကားလမ်းမိုင်တိုင် အမှတ်(၂၂/ဝ)အနီးရှိ ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာန၊ သစ်တောဦးစီးဌာန၏ မင်းတိုင်ပင်စခန်း၌ ၂၀၁၈ခုနှစ်၊ မိုးရာသီ လူထုဖြန့် ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ ၁၃ ရက် နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အတူ ပင်းတယမြို့နယ်၊ ရှားပြားကျေးရွာနှင့် ပွေးလှကျေးရွာတို့တွင် သစ်တောဦးစီးဌာန၊ International Centre for Integrated Mountain Development (ICIMOD)နှင့် ဂျာမနီနိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဟိမဝန္တာတောင်တန်း ဒေသအတွင်း သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းမှုမှ ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အတွေ့အကြုံများ အသုံးချတတ်စေခြင်း စီမံကိန်း (၂၀၁၆-၂၀၁၈) လုပ်ငန်းဆောင်ရွက်နိုင်မှုများ ကြည့်ရှုစစ်ဆေးခဲ့ရာ စီမံကိန်း တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြသည်။ ထို့နောက် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဒေသခံကျေးရွာသူ/ရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ၊ မိတ္ထီလာ-တောင်ကြီးကာလမ်း မိုင်တိုင်အမှတ် (၅၄/၃) အနီးရှိ ရှမ်းရိုးမ ဆင်စခန်းသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းဆောင်တွင် ဆင်စခန်း စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ (၃)လအတွင်း ဧည့်သည်များ ဝင်ရောက်မှု၊ ဆင်များကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု၊ ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်ရေးဆောင်ရွက်မှု၊ ဝင်ငွေနှင့်ကုန်ကျစရိတ်များ အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆင်စခန်းအတွင်းရှိ နန့်ပန်တက်ချောင်း မြေပြိုတိုက်စားမှုမှ ကာကွယ်ရန် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ပြီး စခန်းအတွင်းရှိ ဆင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)