မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel သည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံ ဆွေးနွေး သည့်သတင်း

နေပြည်တော် ၊ ၇-၆-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် အဖွဲ့အား ယနေ့ ၇.၆.၂၀၁၈ ရက်နေ့၊ (၁၁:၀၀)နာရီ တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသံဒိုင်၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း တို့ တက်ရောက်ကြ သည်။

အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel နှင့်အတူ The American Chamber of Commerce in Myanmar  (AMCHAM) မှ အဖွဲ့ဝင်များ လည်းတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနှင့်အမေရိကန်နိုင်ငံကြား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်သည့် အလားအလာများ၊ ပတ်ဝန်းကျင်နှင့်သစ်တောကဏ္ဍ၊ ကျောက်မျက်နှင့် သတ္တုကဏ္ဍ တို့တွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ ကဏ္ဍ အသီးသီးတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည့် အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊  ဝန်ကြီးဌာနနှင့် AMCHAM အကြား ပုံမှန်အစည်းအဝေးများ ကျင်းပသွားနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။