ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား Green Economyc Green Growth - Myanmar မှ ဂုဏ်ထူးဆောင် နာယက ဒေါက်တာနေထွန်းနှင့်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၁၁-၆-၂၀၁၈

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Green Economyc Green Growth – GEGG Myanmar မှ ဂုဏ်ထူးဆောင် နာယက ဒေါက်တာနေထွန်းနှင့်အဖွဲ့အား ယနေ့ ၁၁-၆-၂၀၁၈ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

          ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊   သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တို့တက်ရောက်ကြသည်။

          GEGG Myanmar မှ ဒေါက်တာနေထွန်းနှင့်အတူ  GEGG Myanmar အဖွဲ့ဝင်သစ် များဖြစ်သည့် Myanmar Ease Net Co., Ltd. နှင့် Krislite မှ Managing Director ဦးကျော်မိုးနိုင်၊ Mandalay Technology မှ Managing Director ဦးဇော်နိုင် တို့လည်း တက်ရောက်ကြသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ASEAN Institute for Green Economy (AIGE) ၏ လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများ၊ AIGE  ဖွင့်လှစ်ပြီး နောက် ဆက်လက်၍ မတ်လအတွင်း  ရန်ကုန်မြို့၌ Green Fruits Dedicated Workshop ကျင်းပခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ Horticulture ကို နိုင်ငံတကာအဆင့်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် နည်းပညာအကူအညီရရှိရေး နိုင်ငံတကာအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ စိန်တစ်လုံးသရက်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ နာနတ်သီး၊ ထောပတ်သီး စသည့် သစ်သီးဝလံများအတွက် နမူနာစိုက်ခင်းများကို ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများအတွင်း သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (​agroforestry) အဖြစ် တည်ထောင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ AIGE ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြေရေး အတွက် သစ်တောသစ်ပင်များ ဖြစ်ထွန်းရန် နည်းပညာအကူအညီနှင့် သစ်ခွမျိုးနှင့်အပင်များ ရယူလိုမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)