ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သစ်တောကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် သြဂုတ် ၁၃

သစ်တောကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲကို သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် ၁၃-၈-၂၀၁၈ ရက်နေ့ နံနက် (၉) နာရီ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းသည် နိုင်ငံတော်၏ အဖိုးတန် သစ်တော သယံဇာတများကို အချိန်တိုအတွင်း ကုန်ဆုံးပျောက်ကွယ် စေသည့်အပြင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေခြင်း၊ နိုင်ငံတော် ဘဏ္ဍာငွေ ထိခိုက်စေခြင်း များဖြစ်ပေါ်သည့်အတွက် သစ်တောဦးစီး ဌာန အနေဖြင့် ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် ဆက်စပ်ဌာန များနှင့် တာဝန်သိပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း ကာကွယ်တားဆီး နှိမ်နင်းလျက်ရှိပါ ကြောင်း၊

တရားမဝင် သစ်ခုတ်လှဲ၊ ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ရာတွင် တောတွင်း ငုတ်ရင်းဒေသမှ စပြီး ပြည်ပတင်ပို့ခိုးထုတ်သည့်အထိ ကွင်းဆက်များ ဖော်ထုတ်ရယူခြင်း ကို Community Monitoring and Reporting System ဟုခေါ်သည့် ဒေသခံပြည်သူများက စောင့်ကြည့်သတင်းပို့ခြင်းစနစ်အား စတင်ကျင့်သုံး ဆောင်ရွက်ခဲ့ပါကြောင်း၊ သတင်းပေးပို့သည့်ပြည်သူများကို တယ်လီဖုန်းနှင့် SimCard များ ဖြန့်ဝေပေးပြီး၊ သစ်တောဝန်ထမ်းများထံသို့ အချိန်နှင့် တစ်ပြေးညီ လျှို့ဝှက်စွာ သတင်းပေးနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ် ပါကြောင်း၊ သို့သော်လည်း တရားမဝင်သစ် ဆောင်ရွက်မှုများကို အထိုက် အလျောက်သာ ထိန်းချုပ်နိုင်သေး သည့်အတွက် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်ကို သုံးသပ်ရပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဂတိလိုက်စားမှုသည် အတားအဆီးတစ်ရပ်သဖွယ် ပါဝင်နေသည့်အတွက် သစ်တော ကဏ္ဍဘက်မှလည်း အဂတိလိုက်စားမှုများ လျော့နည်းရာမှ ပပျောက်သည်အထိ ကြိုးပမ်းဆောင်ရွက် သွားရန် လိုအပ်ပါသဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲကို စီစဉ်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊

အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောကဏ္ဍနှင့် ပတ်သက် ဆက်နွယ်သူ များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်ပတ်သက်ပြီး ပိုမိုသိရှိ နားလည် စေရန်အတွက် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ရှင်းလင်းဆွေးနွေးခြင်း၊ သစ်တော ကဏ္ဍနှင့် သက်ဆိုင်သော တရားစီရင်ရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးမှ ရှင်းလင်းဆွေးနွေးခြင်း၊ သစ်တောကဏ္ဍနှင့် သက်ဆိုင်သော တရားစွဲဆိုမှုများဆိုင်ရာ သိသင့်သိထိုက် သည်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရှင်းလင်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သစ်တောဦးစီး ဌာနအနေဖြင့်လည်း တရားမဝင်သစ်ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများအပေါ် အရေးယူဆောင်ရွက်မှုအခြေအနေများနှင့် သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ၊ ညွှန်ကြားချက် များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြမှာဖြစ်ပါကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနအောက်ရှိ တာဝန်ရှိသူများ၊သစ်တောကဏ္ဍနှင့် ဆက်စပ်လူမှုအဖွဲ့ အစည်းများမှ လုပ်ငန်းရှင်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)