ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်မေးခွန်းနှင့် အဆိုများအား ရှင်းလင်းဖြေ ကြားခြင်း

နေပြည်တော် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၉

သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းမှရရှိသည့် နိုင်ငံတော်၏ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်နိုင်ရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ ရွှေတူးဖော်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီများမှ နှစ်အဆက်ဆက်ပေးသွင်းရန် ကျန်ရှိသည့် ရွှေကြွေးကျန် များအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသည့် နည်းလမ်းများနှင့်အညီ စာရင်းရှင်းလင်းခြင်း၊ တရားစွဲဆိုခြင်းများဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းပြောကြားသည်။

၂၀၁၇ ခုနှစ် ၊ အောက်တိုဘာလ ၁၉ ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း ၏ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးသွင်းရန်ကျန်ရှိသော ရွှေတူးဖော်ရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီတို့အား တိကျသောအရေးယူမှုများ ဆောင်ရွက်သွား ရန်နှင့် ကြွေးကျန်များ ကျန်ရှိမှုမရှိအောင် ကောက်ခံသွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထိုသို့ ပြန်လည် ရှင်းလင်းဖြေကြားခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အကြီးစားကုမ္ပဏီ သုံးခုမှ ၂ဝ၁၆ ခုနှစ်တွင် ပေးသွင်းရန်ကျန်ရှိသော ရွှေစင်များကို ၂ဝ၁၈ ခုနှစ်အတွင်း ပေးသွင်း ရန် အစီအမံတင်ပြထားပြီး ကုမ္ပဏီများကလည်း တင်ပြထားသည့် အစီအမံ အတိုင်း ပေးသွင်းလျက်ရှိပါကြောင်း၊ထို့ပြင် ကုမ္ပဏီများမှ ပေးသွင်းထားသော အာမခံစပေါ်ငွေ များကို သိမ်းဆည်းပြီး ပေးသွင်းရန် ရွှေစာရင်းမှ ခုနှိမ်ခြင်း၊ ဌာနမှ တာဝန်ရှိသူများအနီးကပ်ကြီးကြပ်၍ လစဉ်ရွှေပေး သွင်းစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစီအမံ အတိုင်း အပြည့်အဝပေးသွင်းခြင်းမရှိပါက ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၏ ပေါင်မြို့နယ် ဥက္တံတား ကျေးရွာရှိLong life Aggregate Mining Co.,ltd. သည် ဒေသခံပြည်သူများ၏ အသက်၊ အိုးအိမ်လုပ်ငန်းများ ထိခိုက်နေသောကြောင့် ဖျက်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ Long life Aggregate Mining Co.,ltd.၏ ပေါင်မြို့နယ် ကုလားမတောင် သစ်တော ကြိုးဝိုင်းအတွင်း လမ်းခင်းကျောက်ထုတ်လုပ်သည့်စီမံကိန်းကို ရပ်ဆိုင်းဖျက်သိမ်းပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ 

ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ သစ်တောမြေများအတွင်း အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော လယ်မြေများကို ဌာနမှ စွန့်လွှတ်ပေးရန်နှင့် သစ်တောဌာန၏ သီးနှံ၊ သစ်တော ရောနှောစိုက်ခင်းများအောင်မြင်ရေး စီမံဆောင်ရွက်ထား သည့် အစီအစဉ်များ ရှိ/မရှိ မေးခွန်းနှင့် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများပိုမိုရရှိစေရန် ကျောက်မျက်ရတနာ ရောင်းချပွဲများကို နှစ်လလျှင် (၁)ကြိမ်၊ (၁)နှစ်လျှင် (၆)ကြိမ် ကျင်းပပြုလုပ်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ယင်းနောက် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက် သက်ခိုင်က မြန်မာနိုင်ငံက ၂ဝ၁၄ ခုနှစ် ဇူလိုင်လတွင် အကြိုအဖွဲ့ဝင် (Candidate) အနေဖြင့်ဝင်ရောက်ခဲ့သည့် (Extractive Industries Transparency Initiative– EITI ) သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်သည့်အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတတူးဖော်ထုတ် လုပ်ခြင်း ကဏ္ဍမှရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ နိုင်ငံသားများအနေဖြင့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းမှရရှိလာသည့် အကျိုးကျေးဇူးများကိုခံစားခွင့်အနည်းဆုံး ၁၃ နိုင်ငံ တွင် ပါဝင်နေပါကြောင်း၊ နိုင်ငံသားအားလုံး အကျိုးခံစား ခွင့်ရှိပြီး တည့်မတ်မှန်ကန်သည့် သယံဇာတဆိုင်ရာစီမံခန့်ခွဲ ခြင်းကို ပြည်ထောင်စုအစိုးရအနေဖြင့် ထိရောက်စွာဆောင် ရွက်နိုင်ရန်နှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှုအခြေအနေတစ်ခု သို့ရောက်ရှိရန် တွန်းအားပေးလိုသည့်အတွက် အဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EITI ၏ စံချိန်စံညွှန်း၊ လမ်းညွှန်ချက်၊ တိုက်တွန်း ချက်များဖြင့် လုပ်ရန်တာဝန်ရှိသည်များကို တတ်နိုင်သမျှကိုက်ညီအောင် ဆောင်ရွက်ခြင်း သည် သဘာဝသယံဇာတ တူးဖော်လုပ်ကိုင် ခြင်း ကဏ္ဍကြီးတစ်ခုလုံးကို ရေရှည်တိုးတက်စေမည်ဖြစ် ပြီး အဆိုပါကဏ္ဍမှရရှိသည့် တိုင်းပြည်ဝင်ငွေများကို နိုင်ငံသားများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုဆောင်ရွက် လာနိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ် ခြင်းမှရရှိသည့်ဝင်ငွေကိုပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်အောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ် မည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို တိုင်းပြည်နှင့် လူမျိုး အမှန်တကယ်အကျိုးရှိအောင် ပွင့်လင်းမြင်သာစွာ၊ တာဝန် ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် သုံးစွဲရမည်ဖြစ်ကြောင်း၊ EITI စံချိန်စံညွှန်းများအရ ပုဂ္ဂလိက ကုမ္ပဏီများကို လိုင်စင် ချထားဆောင်ရွက်စေခြင်းသည် လူမှုရေးအရတာဝန်ယူမှုရှိ သည့်၊ ပြည်တွင်း၌ သာမက နိုင်ငံတကာကပါ လေးစားရ သည့်၊ ဂုဏ်သိက္ခာရှိသည့်၊ ရေရှည်တည်တံ့အောင်မြင်သည့် ကုမ္ပဏီများဖြစ်လာစေရန် ပြုစုပျိုးထောင်ခြင်းဖြစ်ပါ ကြောင်း၊ ပြည်သူ့ဘဏ္ဍာဖြည့်ဆည်းခြင်း အကျပ်အတည်းကို ဖြေရှင်းရာလည်းရောက်ပါကြောင်း၊ EITI အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတ တူးဖော် ထုတ်လုပ်ခြင်းမှရရှိသည့် နိုင်ငံတော်၏ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်နိုင်ရေး အစီအစဉ် များ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းပါကြောင်းဖြင့် လွှတ်တော်သို့ အဆိုတင်သွင်းသည်။