အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၌ ဆက်လက်ကြားနာ ဆောင်ရွက်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ကြားနာခြင်းကို (၂၄-၂-၂၀၁၅) ရက်နေ့တွင် အမျိုးသားလွှတ်တော်၏ ကြေညာချက်အမှတ် (၁^၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့သည့် အစီအစဉ် အတိုင်း ယနေ့နံနက်(၁၀)နာရီတွင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီနှင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆွေးနွေးပွဲခန်းမ၌ ကျင်းပသည်။
 
အဆိုပါကြားနာခြင်းအစီအစဉ်သို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီ  နှင့် ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ  မောင်ချစ်ဝင်းမောင် မကွေးနည်းပညာတက္ကသိုလ် စတုတ္ထနှစ်(မြို့ပြ)၊ မောင်ပြည့်ဖြိုးကျော် ပခုက္ကူတက္ကသိုလ် တတိယနှစ် (ဓာတု)၊ မောင်သန့်စင်ထွန်း ပြည်နည်းပညာတက္ကသိုလ် စတုတ္ထနှစ် (မြို့ပြ)၊ မောင်ဇေယျာလွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် တတိယနှစ်၊ မောင်ရဲဇာနည်ထွန်း မှော်ဘီ ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်၊ မောင်နန်းလင်း ဒဂုံတက္ကသိုလ် ဒုတိယနှစ် ရူပ၊ မောင်ပိုင်ရဲသူ ဒဂုံတက္ကသိုလ် တတိယနှစ် (သင်္ချာ)၊ မောင်ဝေမိုးနိုင် မုံရွာတက္ကသိုလ် စတုတ္ထနှစ်(အင်္ဂလိပ်)၊ မောင်မင်းလွင်ဦး ဘီအီး စက်မှုနှင့် မောင်သိန်းထိန် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ၏ သတင်းမှတ်တမ်းတာဝန်ခံတို့ တက်ရောက်ခဲ့ကြသည်။
 
ထိုသို့ ကြားနာဆောင်ရွက်ရာတွင် ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ယခင်လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုများတွင် ပြောကြားခဲ့သည့်အတိုင်း ဥပဒေကြမ်း တင်သွင်း လာပါက လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ သို့ဖြစ်၍ ယခု အမျိုးသားပညာရေးဥပဒေကို  ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ကြားနာဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေး တင်ပြစရာများရှိပါကလည်း ဆွေးနွေးနိုင်ပါကြောင်း၊ ထို့အတူ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၏ အကြံပြုချက်များလည်း လက်ခံရရှိထားပါကြောင်း၊ ကြားနာခြင်းကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ၏ ကြေညာချက်အတိုင်း ယနေ့မှ မတ်လ ၁၅ ရက်နေ့အထိ ၈ ရက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး လွှတ်တော်၏ လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
 
ထို့နောက် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်သိန်းက ကော်မရှင်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်များပါဝင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေ ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လွှတ်တော်ကို အထောက်အကူပြုလျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။
 
ယင်းနောက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ မောင်ဇေယျာလွင်က လက်ပံတန်း တွင် လက်ရှိဖြစ်ပေါ်နေသည့် အခင်းအကျင်းများကြောင့် ကြားနာခြင်းအစီအစဉ်သို့ တက်ရောက်ရန် အခက် အခဲများရှိနေပါသဖြင့် ကြားနာခြင်းအစီအစဉ်သို့ မတက်ရောက်နိုင်ခြင်းကို လာရောက်တင်ပြခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် အမျိုးသားလွှတ်တော်၏ ကြားနာမှုအစီအစဉ်ကို စောင့်ကြည့်နေမည်ဖြစ်ပါကြောင်းနှင့် ထပ်မံ အခွင့်အရေးရပါက တက်ရောက်လိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
 
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကြားနာခြင်း အစီအစဉ်ကို မတ်လ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ အမျိုးသားလွှတ်တော် ဆွေးနွေးပွဲခန်းမ၌ ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
 
ကြားနာခြင်းအစီအစဉ်အပြီးတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေ ရေးရာကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြည်တွင်း ပြည်ပ သတင်း မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။