၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၅

၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ 

ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခုဆွေးနွေးပွဲသည် လေထုညစ်ညမ်းမှုကြောင့် လက်ရှိကြုံတွေ့နေရသည့် အသက်ဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေးဆုံးရှုံးမှုများ အပေါ် ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးတို့အတွက် အားလုံးပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်လုပ်ငန်းများအတွက်များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်သည့်ဘေးအ္တရာယ် လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၊ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် အားလုံးစုပေါင်းဆောင်ရွက်မှုဖြင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန်ရည်ရွယ်ပြီး ယခုစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည့် ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် အဖိုးတန်သယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ခိုင်မာသည့် ရေရှည် မူဝါဒ၊ မဟာဗျူဟာများချမှတ်ပြီး စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ၏ မျှော်မှန်းချက်များအပြည့်အဝရရှိရန်အတွက် နိုင်ငံအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကျေးလက်ဒေသအဆင့်တို့မှ ဆက်စပ်ပတ်သက်သူများအားလုံး နှင့် နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့် အတူတကွလက်တွဲပါဝင်ဆောင်ရွက်ကြရန် လိုအပ်သလိုသက်ဆိုင်ရာကဏ္ဍ အသီးသီးရှိ ဖွံ့ဖြိုးမှုစီမံချက်များ၊ ရေတို၊ ရေရှည် လုပ်ငန်းစဉ်များတွင် ထည့်သွင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ပြီး အဖွဲ့အစည်းအသီးသီးက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းပါကြောင်း။

နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်းဖြေရှင်း ရာသီဥတုပြောင်းလဲမှု၊ လေထုညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီး၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင်ကဏ္ဍအသီးသီးရှိ ဆက်စပ်ပတ်သက်သူများနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်းဖြေရှင်းဆောင်ရွက်မှသာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု အခိုင်အမာယုံကြည်ပါကြောင်း ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Kristian Schmidt ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Peter Batchelor ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအခြေချနေထိုင်မှု အစီအစဉ်မှ Country Programme Manager Mr. Bijay Karmacharya နှင့် Myanmar Climate Change Alliance (MCCA)ကိုယ်စားလှယ်တို့က အမှာစကား ပြောကြားကြသည်။ 

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀)ကို ရှင်းလင်းတင်ပြသည်။ 

မွန်းလွဲပိုင်းတွင် “Air Pollution” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ Environmental Health Consultant ဒေါက်တာ ဥမ္မာမေတင်လှိုင်ကModeratorအဖြစ် ဆောင်ရွက်၍ အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးစခင်ဇော်လင်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝေဇင်ဦး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဌာနမှူး ဒေါက်တာအောင်မြင့်မော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ တင်တင်သော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြား ရေးမှူး ဒေါက်တာကေခိုင်အေးနှင့် စိမ်းလန်းအမိမြေဥက္ကဋ္ဌ ဦးဝင်းမျိုးသူတို့က ဦးဆောင်၍ ဆွေးနွေးခြင်း၊ မေးခွန်းများ အပြန်အလှန်မေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အပြန်အလှန်မေးမြန်းခြင်းဆောင်ရွက်

ထို့အတူ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)မှ Program Officer ဦးဟုန်းလိန်းက Moderator အဖြစ်ဆောင်ရွက်ပြီး ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးရည်မွန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယòန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်၊ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာကြူကြူစိန်နှင့် RECOFTC မှ ဒေါက်တာမောင်မောင်သန်းတို့က ဦးဆောင်၍ ဆွေးနွေးခြင်း၊ မေးခွန်းများ အပြန်အလှန်မေးမြန်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အခမ်းအနားတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများပြသခြင်းနှင့် အသိပညာပေး အစီအစဉ်အရ နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းပြသခြင်းတို့ကို ဆောင်ရွက်သည်။ သတင်းစဉ်