ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား The World Bank Myanmar ၏ Environment and Natural Resources – ENR မှ Manager ဖြစ်သူ Mr. Christophe Crepin ဦးဆောင်သည့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၀-၆-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် The World Bank Myanmar ၏ Environment and Natural Resources – ENR မှ Manager ဖြစ်သူ Mr. Christophe Crepin ဦးဆောင်သည့်အဖွဲ့ဝင်(၇)ဦးပါဝင်သောကိုယ်စားလှယ် အဖွဲ့အား ယနေ့ ၁၀-၆-၂၀၁၉ ရက်နေ့၊ (၁၁:၀၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ဦးစားပေးဒေသများ၌ ပူးပေါင်းဆောင်ရွက်ရေး၊ အသစ်ပြင်ဆင်ရေးဆွဲထားသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဆိုင်ရာညွှန်ကြားချက် (Community Forestry Instructions -CFI) အား တိုင်းရင်းသားဘာသာစကားများသို့ ပြန်ဆိုမှုနှင့် ဒေသခံများနှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုရရှိရေး ဆောင်ရွက်မှုများ၊ နိုင်ငံတကာဘဏ္ဍာရေးရင်းမြစ်များမှ ပူးတွဲရန်ပုံငွေကျခံနိုင်ရေး ဆောင်ရွက်နိုင်သည့် အစီအမံများ၊ ရေးဆွဲပြီးသည့် အမှိုက်စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာနှင့် စီမံချက်အကောင်အထည်ဖော်ရေး၊ ပလပ်စတစ် အမှိုက်များ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အမှိုက်များစီမံခန့်ခွဲရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ နိုင်ငံအဆင့်ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်း (Country Environmental  Analysis -CEA) ကို ပြည်ထောင်စုအဆင့် စတင်မိတ်ဆက်ပြီးနောက် တိုင်းဒေသကြီး/ ပြည်နယ်များ၌ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။