၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နေပြည်တော် ဇူလိုင် ၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)အတွင်း ကျင်းပသည်။

ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တမလန်းပင်နှင့် ကံ့ကော်ပင်အားစိုက်ပျိုးခဲ့ပြီး နေပြည်တော်ကောင်စီဝင်နှင့် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်တို့က ပိတောက်ပင်အား စိုက်ပျိုးပေးကြသည်။

ယင်းနောက်ပျဉ်းကတိုး၊ မြန်မာပိတောက်၊ တမလန်း၊ ယင်းမာ၊ မဟော်ဂနီ၊ သပြေ၊ မယ်ဇယ်၊ ရေတမာ၊ ကံ့ကော်သစ်မျိုးပေါင်း(၉)မျိုး၊ သစ်ပင်ပေါင်း(၁၅၀၀)ပင်ကို ပြည်ထောင်စုဝန်ကြီးရုံး၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့ သစ်လုပ်ငန်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ သတ္တုရေးရာဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ မြေတိုင်းဦးစီးဌာန၊ နေပြည်တော်သစ်တောဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများက စုပေါင်း စိုက်ပျိုးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်းသည် အကွက်ပေါင်း (၁၁)ကွက်ရှိပြီး စုစုပေါင်း (၃၁၃၆) ဧကရှိသည်။ ၂၀၁၇ ခုနှစ် တွင် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၆) ၌ သစ်မျိုးစုံ အပင်ပေါင်း (၁၀၄၄) ပင်နှင့် ၂၀၁၈ ခုနှစ်တွင်လည်း အကွက်အမှတ် (၁၃) တွင် သစ်မျိုးစုံ (၂၀၄၁) ပင် ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်) ၇−၇−၂၀၁၉ (MOI)