ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း (၄) ကြိမ်မြောက် မြန်မာ - ကိုရီးယား ပတ်ဝန်းကျင်ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်

နေပြည်တော်၊ ၁၀-၇-၂၀၁၉

(၄) ကြိမ်မြောက် မြန်မာ -ကိုရီးယား ပတ်ဝန်းကျင်ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ရန်အတွက် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သို့ ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၈.၇.၂၀၁၉) ရက်နေ့ မနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်လိုက်ပါလျက် ဆူဒိုကွမ်း အမှိုက်စုပုံမြေဖို့စနစ် စီမံခန့်ခွဲမှုကော်ပိုရေးရှင်း (Sudokwon Landfill Site Management Cooperation) သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက အမှိုက်စုပုံမြေဖို့မှု လုပ်ငန်းအဆင့်ဆင့်၊ ဇီဝဓါတ်ငွေ့မှ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု (Waste to Energy)၊ အမှိုက်စုပုံ ဖို့မြေတွင် အများအပန်းဖြေနိုင်ရန် သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ ဥယျာဉ်များ၊ ပန်းခြံများ၊ ဂေါက်ကွင်းများ တည်ဆောက်ထားရှိမှု (Landfill to Dream Park) လုပ်ငန်းစဉ်များကို လိုက်လံရှင်းလင်းပြသပြီး မြန်မာကိုယ်စားလှယ်အဖွဲ့မှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်(၈.၇.၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် အမျိုးသားဇီဝအရင်းအမြစ်များသိပ္ပံဌာန (National Institute of Biological Resources-NIBR) သို့သွားရောက်ခဲ့ရာ NIBR ၏ဥက္ကဌဖြစ်သူ Mr. ဘေယောင်ဂျေး (Mr. Bae Yeon Jae) နှင့် အဖွဲ့မှ ကြိုဆိုခဲ့ကြပြီး အသုံးဝင်ဇီဝအရင်းအမြစ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံရှိ အပင်မျိုးစိတ်များမှ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ထုတ်လုပ်ရာတွင် အထောက်အကူပြုသည့် သဘာဝဓါတ်ပစ္စည်းများကို သုတေသနပြု လေ့လာနိုင်ရန် ကိစ္စရပ်များကို အလေးပေးဆွေးနွေးခဲ့ကြပါသည်။

၉.၇.၂၀၁၉ ရက်နေ့ မနက်ပိုင်းတွင် NIBR ၏ သုတေသနကိုအခြေခံ၍ အလှကုန်ပစ္စည်းထုတ်လုပ်လျက်ရှိသည့် ဟန်ဆိုးဘိုင်အို အလှကုန်ပစ္စည်းကုမ္ပဏီ (Hansolbio Cosmetic Company) သို့သွားရောက်လေ့လာရာ တာဝန်ရှိသူများမှ အပင်များ၏ အရွက်၊ အခေါက်၊ အမြစ် စသည့် အစိတ်အပိုင်းများမှ သဘာဝဓါတ်ပစ္စည်းများကို အခြေခံလျက် အလှကုန်ပစ္စည်းထုတ်လုပ်မှု အဆင့်ဆင့်ကို လိုက်လံရှင်းလင်းပြသခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့မှ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ပေးခဲ့ပါသည်။

၉.၇.၂၀၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် (၄) ကြိမ်မြောက် မြန်မာ-ကိုရီးယား ပတ်ဝန်းကျင်ဝန်ကြီးအဆင့် အစည်းအဝေးကို အင်တာကွန်တီနန်တယ် ဆိုးလ် ကိုအိတ်(က်)(စ်) (InterContinental Seoul COEX) ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ကိုရီးယားသမ္မတနိုင်ငံ၊ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Mr. ဂျိုမြောင်လဲ (Mr. Cho Myung Rae) နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ကိုရီးယားသမ္မတနိုင်ငံ နှင့် မြန်မာနိုင်ငံအကြား မဲခေါင် - ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာ တည်ဆောက်ရေးအပါအဝင်   ဇီဝမျိုးစုံမျိုးကွဲ နှင့် ဇီဝအရင်းအမြစ်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှု၊ ရေပေးဝေရေးနှင့် မိလ္လာစနစ်များအထိ တိုးချဲ့ဆောင်ရွက်ရန်၊ ဒီရေတောများပြန်လည်စိုက်ပျိုးရေး ရှေ့ပြေးစီမံကိန်းအပါအဝင် ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရာသီဥတုပြောင်းလဲမှုလျော့ချရေးဆိုင်ရာ သဘောတူညီချက်ရရှိရေး ဆောင်ရွက်သွားရန် စသည့်ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ သတင်းမှတ်တမ်းအတွက် အင်တာဗျူးကို ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၉.၇.၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ဒုံးဆောင်း ဆေးဝါးကုမ္ပဏီသို့ သွားရောက်လေ့လာရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သို့သွားရောက်ခဲ့ရာ NIBR ၏ ဥက္ကဌဖြစ်သူ Mr. ဘေယောင်ဂျေး (Mr. Bae Yeon Jae) နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး ဒုံးဆောင်းဆေးဝါးကုမ္ပဏီမှ ဇီဝအခြေခံဆေးဝါးနှင့် အလှကုန်ပစ္စည်းထုတ်လုပ်မှုတို့ကို အသေးစိတ်လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၉.၇.၂၀၁၉) ရက်နေ့ ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ပတ်ဝန်းကျင်ဆိုင်ရာ ဒုတိယဝန်ကြီး Mr. ဘက်ချောန်းဂူ (Mr. Park Chun Kyoo) မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ပညာသင်စေလွှတ်ရေးကိစ္စရပ်များ၊ မဲခေါင် - ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာကို မြန်မာနိုင်ငံတွင် တည်ဆောက်၍ ရုံးခွဲများကို ဒေသတွင်းနိုင်ငံများတွင် တည်ထောင်သွားရေးကိစ္စရပ်များကို အလေးပေး ဆွေးနွေးခဲ့ပါသည်။

၁၀.၇.၂၀၁၉ ရက်နေ့၊ နေ့လည်ပိုင်းတွင် သယံတဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Seoul National University, College of Agriculture and life Sciences ၏ Dean ဖြစ်သူ ပါမောက္ခ အီဆော့ခ်ဟာ (Prof. Suk Ha Lee) အပါအဝင် ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံလျက် ပညာသင်စေလွှတ်ရေးကိစ္စရပ်များ၊ သုတေသန ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် သဘာဝသယံဇာတ ထိန်းသိမ်းခြင်းနှင့် စီမံအုပ်ချုပ်ခြင်း (Natural Resources Conservation and Management in Myanmar) ခေါင်းစဉ်ဖြင့် Special Lecture ပို့ချခဲ့ပါသည်။

ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် (၁၀.၇.၂၀၁၉) ရက်နေ့ ညတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။