ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကမ္ဘာ့ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး သဘောတူညီချက် အဖွဲ့ဝင်နိုင်ငံများ (၁၄)ကြိမ်မြောက် အစည်းအဝေး (14th Conference of Parties)နှင့်ဆက်စပ်အစည်းအဝေးများသို့တက်ရောက်

နေပြည်တော်၊ ၁၁.၉.၂၀၁၉

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၂)ရက်ကြာကျင်းပ ပြုလုပ်မည့့်် ကမ္ဘာ့ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးသဘောတူညီချက် (United Nations Convention to Combat Desertification – UNCCD) (၁၄)ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး (14th Conference of Parties) ၏ အဆင့်မြင့်အစည်းအဝေး (High Level Segment) သို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ရောက်ရှိနေသော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၈-၉-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အစည်းအဝေးသို့ တက်ရောက် လာသော ကိုယ်စားလှယ်များမှဦးစီး၍ ကျင်းပပြုလုပ်သည့် ဝန်ကြီးအဆင့် အထူးအစည်းအဝေးပွဲ (Special Ministerial Side Event) သို့တက် ရောက်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံ ပတ်ဝန်းကျင်သစ်တောနှင့် ရာသီဥတု ပြောင်းလဲရေးဆိုင်ရာဝန်ကြီး H.E Mr. Shi Prakash Javadekan တရုတ်ပြည်သူ့သမ္မတနိုင်ငံ သစ်တောနှင့်မြက်ခင်းပြင်များအုပ်ချုပ်ရေးဆိုင်ရာ (State Forest and Grassland Administration) ဝန်ကြီး H.E  Zhang Jianlong ၊ UNCCD အတွင်းရေးမှူး ချုပ် Mr. Ibrahim Thiaw နှင့် အန္ဒိယနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Li Bijian တို့နှင့် အတူ ဦးဆောင်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ဝန်ကြီးအဆင့် အထူးအစည်းအဝေးပွဲတွင် သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မြေအဆင့်အတန်း လျော့ကျမှုတားဆီးကာကွယ်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား အရင်းအမြစ်များ၊ နည်းပညာ နှင့် အတွေ့အကြုံဗဟုသုတဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေးပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် နည်းလမ်းများကို အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖြတ်ရေး သဘောတူညီချက် အဖွဲ့ဝင်နိုင်ငံ များ၏ ၁၄ ကြိမ်‌မြောက်ညီလာခံ အဆင့်မြင့်အစည်းအဝေးပွဲ (High Level Segment - HLS) ဖွင့်ပွဲ အခမ်းအနားကို  အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ India Expo Center ၌ ၉.၉.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ မှ ကြိုဆိုအဖွင့်အမှာ စကားပြောကြား၍ အခမ်းအနားအားဖွင့်လှစ်ပေးခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖြတ်ရေးသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံများ၏  ၁၄ ကြိမ်‌မြောက်ညီလာခံ အဆင့်မြင့်အစည်းအဝေးပွဲ (High Level Segment - HLS) ပထမနေ့ ၉.၉.၂၀၁၉ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် “မြေသယံဇာတ၊ ရာသီဥတု နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (Land, Climate and Renewable Energy)” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် စားပွဲဝိုင်းအစည်းအဝေးတွင်လည်းကောင်း၊ HLS အစည်းအဝေး ဒုတိယနေ့ အား ၁၀-၉-၂၀၁၉ ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးသည် “ကောင်းမွန်သော မြေသယံဇာတ၊ ကျန်းမာသော လူထု (Healthy Land: Healthy People)” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်း Interactive Dialogue ဆွေးနွေးပွဲသို့လည်းကောင်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါ HLS အစည်းအဝေးများသို့ UN၊ UNCCD၊ အိန္ဒိယနိုင်ငံရှိ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ UNCCD အဖွဲ့ဝင် (၁၉၆) နိုင်ငံမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိ ကြီးများ၊ NGO နှင့် CSO တို့မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Media များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၁၀-၉-၂၀၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ကိုရီးယားသမ္မတ နိုင်ငံမှဉီးဆောင်၍ “သစ်တောနှင့် ငြိမ်းချမ်းရေးဆက်စပ်မှုပဏာမခြေလှမ်း Peace Forest Initiative” ​ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သော High Level Luncheon သို့ တက်ရောက်ဆွေးနွေး ခဲ့ကြောင်းသတင်းရရှိသည်။